တီဟီရန် ၁၀ မေ
အီရန်နိုင်ငံဘက်မှ နျူကလီးယားလုပ်ငန်းများ ပြန်လည်လုပ်ကိုင်မည်ဟု ခြိမ်းခြောက်မှုကို ဥရောပအင်အားကြီး နိုင်ငံများက ရှုတ်ချခဲ့သည်။ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော ဥရောပသုံးနိုင်ငံတို့သည် အီရန်နိုင်ငံကို ပေးအပ်ထားသည့် ကတိကဝတ်အတိုင်း ဆက်လက်လုပ်ကိုင်ရန် တိုက်တွန်းခဲ့သည်။ အီရန်နိုင်ငံဘက်မှ သဘောတူညီချက်တွင် ပါဝင်ထားသည့် ကန့်သတ်ချက်များကို လိုက်နာမှု ရပ်တန့်လိုက်တော့မည်ဟု ပြောကြားခဲ့ပြီးနောက် ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီ ထုတ်ပြန်သည့် အဆိုပါရာဇသံကို ဥရောပနိုင်ငံများက ပယ်ချခဲ့သည်။
ဥရောပသမဂ္ဂ သံတမန်အကြီးအကဲ ဖီဒရီကာမိုဟီရီနီနှင့် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နိုင်ငံတို့သည် သမ္မတ ရိုဟာနီ၏ ကြားဝင်မှုကို စိုးရိမ်ကြကြောင်း ပြောသည်။ ၂၀၁၅ ခုနှစ် နျူကလီးယား စာချုပ်ပါ အချက်အလက်များကို အီရန်နိုင်ငံဘက်မှ ဆက်လက် စောင့်ထိန်းသွားရန် တိုက်တွန်းကြောင်း၊ နျူကလီးယားလက်နက် ထုတ်လုပ်မှုများကို ရှောင်ကြဉ်ရန်နှင့် အမေရိကန်က အီရန်အပေါ် ပြုလုပ်သည့် ပိတ်ဆို့မှုအသစ်များအတွက်လည်း ဝမ်းနည်းကြောင်းနှင့် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နှင့် အီးယူတို့ ပူးတွဲထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ယင်းထုတ်ပြန်ချက်အရ အီရန်ဘက်မှ ရာဇသံကို ငြင်းဆိုကြောင်း၊ နျူကလီးယားနှင့် ဆက်စပ်သည့်ကိစ္စများတွင် အီရန်နိုင်ငံ၏ လုပ်ဆောင်မှုများကို ဆက်လက်အကဲဖြတ်သွားမည်ဖြစ်ကြောင်း ပါဝင်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ မဟာမိတ်များဖြစ်ပြီး အီရန်နှင့် ရန်ဘက်များဖြစ်သည့် ဆော်ဒီအာရေဗျနှင့် အစ္စရေးတို့သည် အီရန်အပေါ် ဖိအားများပေးရန် ကတိပြုထားကြပြီး ဒေသတွင်း အီရန်၏လွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းနေကြသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း အီရန်၏ သံ၊ သံမဏိ၊ အလူမီနီယံနှင့် ကြေးဝါလုပ်ငန်းတို့ကို အမေရိကန်က ပိတ်ဆို့လိုက်ကြောင်း ကြေညာခဲ့သည်။ အီရန်နိုင်ငံ၏ နျူကလီးယား လုပ်ငန်းများကို ထိန်းချုပ်ပြီး ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် သဘောတူညီထားသည့် နျူကလီးယား သဘောတူစာချုပ်၏ အရေးပါမှုကို ဥရောပနိုင်ငံများက အလေးထားကြသည်။
အေအက်ဖ်ပီ