ဆိုးလ် ၁၀  မေ

မြောက်ကိုရီးယားက ဒုံးကျည်များ ပြန်လည်စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်နှင့် တောင်ကိုရီးယား နျူကလီးယား လက်နက်ဖျက်သိမ်းရေး ထိပ်တန်း အထူးကိုယ်စားလှယ်များက ဆိုးလ်မြို့တွင် တွေ့ဆုံခဲ့ပြီး နျူကလီးယားအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ဆင်ဟွာသတင်း တစ်ရပ်အရ သိရသည်။

ကိုရီးယားကျွန်းဆွယ်ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ တောင်ကိုရီးယား အထူးကိုယ်စားလှယ် လီဒိုဟွန်နှင့် မြောက်ကိုရီးယား နျူကလီးယား လက်နက် ဖျက်သိမ်းရေးဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတီဖန်ဘီဂန်တို့သည် ပြုံယမ်း၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအစီအစဉ် ပြန်လည် အသက်ဝင်လာစေရေးနှင့် ကိုရီးယားကျွန်းဆွယ်ဒေသတွင်း၌ ရေရှည်ငြိမ်းချမ်းရေး ရရှိမှုအတွက် လုပ်ဆောင်ရမည့် နည်းလမ်းကောင်းများကိုဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြောက်ကိုရီးယား၏ မကြာသေးမီက ဒုံးကျည်များ ပစ်လွှတ်ခဲ့မှုနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ တောင်ကိုရီးယား ကာကွယ်ရေးနှင့် ကိုရီးယားနှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေး ဝန်ကြီးဌာနများအပါအဝင် အိမ်ပြာတော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေးကို ပြုံယမ်း၏ တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်စမ်းသပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော ငါးရက်အကြာက ပြုံယမ်းက ဂျပန်ပင်လယ်အတွင်းသို့ တာတိုပစ် ဒုံးလက်နက်များ စမ်းသပ်ပစ်လွှတ်ခဲ့သည်။

လွန်ခဲ့သော ဒီဇင်ဘာလတွင် အမေရိကန်နှင့်တောင်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေး ထိပ်တန်းအထူးကိုယ်စားလှယ်များက နျူကလီးယား လက်နက် ဖျက်သိမ်းရေး၊ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ ကိစ္စရပ်များနှင့် ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေးစသည့် ကိုရီးယားကျွန်းဆွယ် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆင်ဟွာ