မနီလာ ၁၀ မေ
၂၀၁၉ ခုနှစ် ပထမ သုံးလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ လည်ပတ်ခဲ့သည့် တရုတ်ခရီးသွား အရေအတွက်မှာ ၂၄ ဒသမ ၈၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဖိလစ်ပိုင်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။
ဖိလစ်ပိုင် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း တရုတ်ခရီးသွား ၄၆၃၈၀၄ ဦး ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ယမန်နှစ် အလားတူကာလအတွင်း လာရောက်ခဲ့သည့် တရုတ်ခရီးသွား ၃၇၁၄၂၉ ဦးထက် ၂၄ ဒသမ ၈၇ ရာခိုင်နှုန်း များပြားလာခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ခရီးသွား ၅၁၉၅၈၄ ဦးဖြင့် အများဆုံး လာရောက်လည်ပတ်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံပြီးလျှင် တရုတ်နိုင်ငံက ခရီးသွား ဒုတိယအများဆုံး လာရောက်လည်ပတ်သည့် နိုင်ငံဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောကြားသည်။
တောင်ကိုရီးယား ခရီးသွားအရေအတွက်မှာ ယမန်နှစ် အလားတူကာလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ လည်ပတ်ခဲ့သည့် ၄၇၇၀၈၇ ဦးထက် ၈ ဒသမ ၉၁ ရာ ခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ယခုနှစ် ပထမ သုံး လအတွင်း ပြည်ပခရီးသွား ၂ ဒသမ ၂ သန်းကျော်ဖိလစ်ပိုင်နိုင်ငံသို့ လည်ပတ်ခဲ့ပြီး ယမန်နှစ် အလားတူကာလအတွင်း မှတ်တမ်းတင်ထားသည့် ပြည်ပခရီးသွား ၂ ဒသမ ဝ၅ သန်းထက် ၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ဆိုသည်။
ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ယခုနှစ်အတွင်း ပြည်ပခရီးသွား ၈ ဒသမ ၂ သန်း ဆွဲဆောင်မည့် ရည်မှန်းချက်ပြည့်မီရေး လမ်းကြောင်းပေါ် ဖိလစ်ပိုင်နိုင်ငံက ရောက်ရှိနေသည်ကို အချက်အလက်များက ပြသခဲ့ကြောင်း ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းဝန်ကြီး ဘားနတ်တီပူရတ်က ပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ကျော်ထိုက်စိုး