မန္တလေး  ၁၁   မေ 

 

မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့(မန္တလေးတိုင်းဒေသကြီး) တို့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် မြန်မာ့သရက်သီးပွဲတော် ကို မန္တလေးမြို့ရှိ Hotel Hazal ၌ မေလ ၁၁ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ တာဝန်ရှိသူများ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ က ခင်းကျင်းပြသထားသော သရက်သီးပြခန်းများနှင့် ပြိုင်ပွဲဝင်သရက်သီးများအား လှည့်လည်ကြည့်ရှုသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ Development Counsor of the German Embassy မှ Ms.Katharina Spiess ၊ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းထင်နှင့် မြန်မာနိုင်ငံ သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့(မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့က အမှာစကားပြောကြားသည်။၎င်းနောက် သရက်သီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

 

ပဉ္စမအကြိမ်မြောက် မြန်မာ့သရက်သီးပွဲတော် ကို မေလ ၁၁ ရက် မေလ ၁၂ ရက်ထိ ကျင်းပသွားမည်ဖြစ်ကာ ပြခန်း(၄၅)ခန်းပါဝင်ကြောင်း၊ သရက်သီးကို ချစ်ခင်မြတ်နိုးတတ်လာစေရန်ရည်ရွယ်ပြီး သရက်သီးပြပွဲ/ပြိုင်ပွဲများ၊ သရက်သီး အစားပြိုင်ပွဲများ၊ သရက်သီးအမျိုးအစားခွဲခြားခြင်း ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ထိုင်းနိုင်ငံသရက် အစုအဖွဲ့များ နှင့် တရုတ်နိုင်ငံသရက်အသင်း တို့မှ ဥက္ကဋ္ဌများ ပါဝင်သည့် ဆွေးနွေးပွဲများ လည်းပါဝင်ကြောင်း၊ မြန်မာနိုင်ငံ သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့(မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပြောကြားသည်။

 

အဆိုပါ သရက်သီးပွဲတော်သို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ သရက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့(မန္တလေးတိုင်းဒေသကြီး)တို့မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံသရက် အစုအဖွဲ့များ နှင့် တရုတ်နိုင်ငံသရက်အသင်း တို့ မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ နှင့် သရက်သီးကို ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြပြီး သရက်သီးပြိုင်ပွဲတွင် ပြိုင်ပွဲတဝ်သရက်သီးအမျိုးအစား(၁၇၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)