ရန်ကုန် ၁၁ မေ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ပတ် လမ်းပိုင်းအဆင့်မြှင့်တင်ပြုပြင်နေမှု လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုံဘူတာသို့ရောက်ရှိပြီး ရန်ကုန်မြို့ ပတ်လမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့် အလုံဘူတာယာဒ်ဝန်းအတွင်း အရှည် ၅၇ ပေ ၆ လက်မ၊ အကျယ် (၄၄)ပေ၊ လူသွားလမ်းအကျယ်တစ်ဖက်စီ (၃)ပေရှိ တံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ နာနတ်တောခုံးကျော်တံတားအနီး အုတ်တံတိုင်းပြုလုပ်နေမှု၊ တညင်းကုန်းဘူတာယာဒ်ဝန်း လမ်းပြုပြင်တည်ဆောက်နေမှုနှင့် Level Crossing ပြုလုပ်နေမှု၊ မင်္ဂလာဒုံ Level Crossing ပြုလုပ်တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး မင်္ဂလာဒုံဘူတာ ယာဒ်ဝန်းအတွင်းရှိ ရွှေတောင်ကုမ္ပဏီ လုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရွှေတောင်ကုမ္ပဏီရှိ တာဝန်ရှိသူများက ရန်ကုန်မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း၊ တံတားများ အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းတို့အား အပိုင်းလိုက် ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ မိုးတွင်းကာလတွင်လည်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများအား ဆောင်ရွက်သွားကြရန်၊ အချက်ပြစနစ်များအား လမ်းပိုင်းပြုပြင်ပြီးချိန်တွင် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန်၊ ကျောက်လက်ကျန်နှင့် ထပ်မံရောက်ရှိလာမည့် ကျောက်များအား ပြည့်စုံလုံလောက်မှုရှိစေရေး စီမံဆောင်ရွက်ထားရန်၊ သံလမ်းနှင့်ဇလီဖားများလည်း လုံလောက်မှုရှိစေရေး စီစဉ်ဆောင်ရွက်ထားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)