ရန်ကုန် ၁၁ မေ
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဝန်အားလျှော့ခြင်း ဆောင်ရွက်ရာတွင် ပြည်သူလူထု အဆင်မပြေနစ်နာမှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ (ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ လုပ်ငန်းဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ် မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ မဟာဓာတ်အားလိုင်းမှူးနှင့် ဓာတ်အားခွဲရုံမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတဝန်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်စေရန် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ ၇၄၆ ဒသမ ၂ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ရန် စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်စမှစ၍ မေလအထိ ၃၅၃ မဂ္ဂါဝပ်ရှိသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအသစ်များကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မီတာ ၄ မျိုးစနစ်ကို တီထွင်ဆောင်ရွက်ပေးခဲ့ခြင်းအားဖြင့် ပြည်သူလူထုမှ မိမိတို့ကြိုက်နှစ်သက်ရာ မီတာများကို ရွေးချယ်သုံးစွဲပိုင်ခွင့် ရှိလာသည့်အတွက် ယခင် ၂၀၁၆ ခုနှစ်တွင် မီးသုံးစွဲသူ အရေအတွက်သည် ၃၄ ရာခိုင်နှုန်း သာရှိခဲ့ရာမှ ယခုအခါ ၄၄ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ တိုးတက်မှုများအရ ၃ နှစ် တာကာလအတွင်း မြို့ပေါင်း ၆၈ မြို့၊ ရွာပေါင်း ၅၁၉၁ ရွာအား ၂၄ နာရီ မီးသုံးစွဲနိုင်မှုရရှိအောင် ပိုမိုတိုးချဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှု ၅၀ ရာခိုင်နှုန်း ပြည့်မီအောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတစ်ရပ်လုံး သာတူညီမျှဖြစ်စေရန်အတွက် မီးရရှိသုံးစွဲပြီး သူများအား တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်ပေးနေသကဲ့သို့ မီးသုံးစွဲမှုမရရှိ သေးသူများအတွက်လည်း ရရှိအောင် တိုချဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးသည် ထုတ်လုပ်မှု၏ ထက်ဝက်ကျော် သုံးစွဲသဖြင့် ဝန်အားလျှော့ချသည့် အခြေအနေတွင် ကျန်တိုင်းဒေသကြီး/ ပြည်နယ်များထက် ပိုမိုသိသာစွာ ခံစားရပါကြောင်း၊ လူဦးရေထူထပ်မှု၊ အထက်မြင့်အဆောက်အဦများပြားမှု၊ ယာဉ်သွားယာဉ်လာ များပြားမှုများကြောင့် ပိုမိုခံစားရခြင်းဖြစ်ပါကြောင်း၊ မဖြစ်သာ၍ ဝန်အားလျှော့ရာတွင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပြည်သူလူထုကိုအသိပေးပြီး ဝန်အားလျှော့ချသွားရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်အားလျှော့ရာတွင်လည်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဌာနများ၊ လုံခြုံရေးအရ လိုအပ်သော လမ်းမီးများနှင့် မြို့တွင်း ခရီးသွားလာရေး၊ ပို့ဆောင်ရေးလုပ်ငန်းများကို ထိခိုက်မှုမရှိစေရေး ဝန်အားလျှော့ခြင်း မပြုရန်နှင့် အိမ်သုံးဓာတ်အားလိုင်းများနှင့် လမ်းမီးများ တွဲဖက်နေသည့် ဓာတ်အားလိုင်းများ ရှိနေ၍ ၎င်းဓာတ်အား လိုင်းများကိုလည်း ဝန်အားလျှော့ရာတွင် လမ်းမီးများ မပါစေရန် သီးခြားလိုင်းများဖြင့် ခွဲ၍ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထုကို ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်သွားရန်နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသော စက်ရုံအလုပ်ရုံများကိုလည်း ပြည်သူလူထု သုံးစွဲမှုအနည်းဆုံးအချိန်များတွင် အသုံးပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သည့်အလျောက် မိမိတို့လုပ်ဆောင်မှုများအပေါ် ပြည်သူမှ နားလည်လက်ခံလာစေရေး ထိတွေ့ပြောဆိုချပြ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်း ခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့မှ ခရိုင်လျှပ်စစ်မန်နေဂျာများက ၂၀၁၉ ခုနှစ် မေလကုန်အထိ ဝန်အားလျှော့ချခြင်းပြုလုပ်မည့် အစီအစဉ်များနှင့် ဝန်အားလျှော့ခြင်းတွင် ပါဝင်သည့် လမ်းမီးများအား သီးခြားလိုင်းများအဖြစ်ခွဲ၍ ဆောင်ရွက်မည့် အစီအမံတို့အား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌတို့မှ ဝန်အားလျှော့ခြင်းတွင်ပါဝင်သည့် လမ်းမီးများအား အခြားလိုင်းမှ ပေးနိုင်မည့် အခြေအနေ၊ System Improvement အတွက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ဝန်အားလျှော့ခြင်းများအပေါ်တွင် ပြည်သူလူထု အဆင်မပြေနစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည့် အစီအမံများအား ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဝန်အားလျှော့ခြင်း ဆောင်ရွက်ရာတွင် ပြည်သူလူထု အဆင်မပြေနစ်နာမှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်မည့် အစီအမံများ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ခရိုင်များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မတတ်သာ၍ ဝန်အားလျှော့ရာတွင် ပြည်သူလူထုကို အချိန်နှင့်တပြေးညီ အသိပေးချပြ၍ နစ်နာမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရန်နှင့် မိမိတို့ဝန်ထမ်းများ အနေဖြင့်လည်း စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)