နေပြည်တော် ၁၁ မေ
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာ ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး H.E. Mr. Phan Van Hung နှင့်အဖွဲ့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့်အတူ မေ ၈ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) သို့ သွားရောက်လေ့လာခဲ့ရာ ကျောင်းအုပ်ကြီးမှ လေ့ကျင့်သင်ကြားနေ့မှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ချစ်ကြည်ရေးခရီးစဉ် အမှတ်တရအဖြစ် ကံ့ကော်ပင်အား စိုက်ပျိုးပေးသည်။
ဆက်လက်၍ ဗီယက်နမ်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မေ ၉ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တာဝန်ရှိသူများနှင့်အတူ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်၍ အာနန္ဒာဘုရားအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ထို့နောက် ဦးဘငြိမ်း ယွန်းထည်လုပ်ငန်း၊ အနော်ရထာမင်းတရားကြီးနှင့် ကျန်စစ်သားမင်းကြီးတို့၏ နန်းတော်ရာ တူးဖော်နေမှုနှင့် ပုပ္ပါးတောင်ကလပ်အား ကြည့်ရှုလေ့လာခဲ့ကြသည်။
ဗီယက်နမ်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မေ ၁၀ ရက်တွင် ပုဂံမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြပြီး လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော် ကြည်ညိုခဲ့ကြပြီး ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)