ပြည် ၁၁ မေ
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရား ရုပ်ပွားတော်မြတ်ကြီး၏ နှစ်(၁၀ဝ)ပြည့် ရာပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြတ်စွာဘုရားအမှူးပြုသော သြဝါဒစရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ပြည်မြို့ ဇောတိကာရုံပါဠိ တက္ကသိုလ်ကျောင်းတိုက် ဦးစီးပဓာန နယက ဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူခြင်း၊ သြဝါဒစရိယ ဆရာတော်ကြီးများက ပရိတ်တရားတော် ဟောကြားချီးမြှင့်တော်မူခြင်းနှင့် ဆရာတော်ကြီးများအား လူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ ဘုရားကြီး အရှေ့ဘက်မုခ်ဦး၌ နှစ်(၁၀ဝ)ပြည့် ရာပြည့်ပွဲတော်အား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး မြတ်စွာဘုရား အမှူးပြုသော သြဝါဒစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော် အရှင်သူမြတ် (၉၉)ပါးတို့ကို တက်ရောက်လာသော ဧည့်ပရိတ်သတ်များနှင့် အလှူရှင်များက ဆွမ်ဆန်စိမ်းများလောင်းလှူ ပူဇော်ခဲ့ကြသည်။

အဆိုပါ ရာပြည့်ပွဲတော်ကို မေ ၁၁ ရက်မှ ၁၄ ရက်အထိ လေးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းနှင့် ပွဲတော်ကာလရက်များတွင် ညစဉ် မြန်မာ့ရိုးရာမင်္ဂလာဆိုင်းဝိုင်းနှင့် တွဲဖက်၍ နိုင်ငံကျော် မြန်မာသံစဉ် အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများနှင့် ဟာသလူရွှင်တော်များ၏ ဖျော်ဖြေတင်ဆက်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)
