တောင်ငူ ၁၁ မေ
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းနှင့် ရွေ့လျားစာကြည့်တိုက် (Mobile Library) ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံး၌ ကျင်းပသည်။
အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အမှုဆောင် ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာနှင့် ပန်းပွားအကတို့ဖြင့် ဖျော်ဖြေကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူထုအခြေပြုဗဟိုဌာန ဆိုင်းဘုတ်နှင့် ရွေ့လျားစာကြည့်တိုက်ယာဉ်တို့ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးပြီး လူထုအခြေပြုဗဟိုဌာနအတွင်း ဆောင်ရွက်ထားသည့် ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းတို့ကို လှည့်လည်ကြည့်ရှုကာ ကလေးစာဖတ်ခန်းအတွင်း ပန်းချီနှင့်ရောင်စုံဆေးရောင်ခြယ် ပြိုင်ပွဲဝင်နေကြသည့် ကလေးငယ်များအား လက်ဆောင်အရုပ်များ ပေးအပ်သည်။
ယင်းနောက် ပြည်သူ့စာကြည့်တိုက်ရှိ စာဖတ်ပရိသတ်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ပြည်သူ့စာကြည့်တိုက်ခန်းမ (ပြတိုက်ငယ်- Mini Museum) တွင် ခင်းကျင်းပြသထားသည့် ဒေသအသုံးအဆောင်ပစ္စည်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများ၊ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများကို ကြည့်ရှု၍ ကွန်ပျူတာ သင်တန်းခန်းမတွင် သင်တန်းတက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများကို ကြည့်ရှုအားပေးစကား ပြောကြားသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား ဒုတိယအပိုင်းကို ယာယီမဏ္ဍပ်နှင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြာရေးဝန်ကြီးဌာနအနေဖြင့် အစိုးရနှင့်ပြည်သူကြား ပေါင်းကူးဆက်သွယ်ပေးသည့် သတင်းအချက်အလက် ဖြန့်ဝေပေးခြင်း၊ ပြည်သူရွေးချယ်တင်မြောက်ထားသည့် အစိုးရ၏ ဆောင်ရွက်နေမှုများကို ပြည်သူများသိရှိအောင် အစီရင်ခံခြင်း အလုပ်တာဝန်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပြည်သူများထံ သတင်းအချက်အလက်များ ရောက်ရှိစေရန်အတွက် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် နေ့စဉ်ထုတ်သတင်းစာများမှ တစ်ဆင့်ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် စာကြည့်တိုက်မှူးများက စာဖတ်သူ ဖတ်ရှုလိုသည့် စာအုပ်စာတမ်းများကို ရှာဖွေပေးရသည့် အလုပ်ကို ဆောင်ရွက်ပေးရပါကြောင်း၊ နိုင်ငံတကာတွင် စာဖတ်ဝိုင်းများ ဆောင်ရွက်နေသကဲ့သို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းများကို ဖွဲ့စည်း၍ စာဖတ်သည့်အလေ့အထ ပိုမိုတိုးပွားလာအောင် စာဖတ်ဝိုင်းများ စာပေဆိုင်ရာ ဆွေးနွေးသုံးသပ်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ ထို့အပြင် နယ်လှည့်စာကြည့် တိုက်လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ကျေးလက်နေစာဖတ် ပရိသတ်များအတွက် စာအုပ်စာစောင်များကို အပတ်စဉ် လစဉ်လဲလှယ်ငှားရမ်းပေးသည့် စနစ်ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
လူထုအခြေပြုဗဟိုဌာနများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများ၏ နေရာအကျယ်အဝန်းပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အဆိုပါ လူထုအခြေပြု ဗဟိုဌာနများတွင် ဒေသခံပြည်သူများမှ စီးပွားရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ စသည့်အကြောင်းအရာများကို ဆွေးနွေးတိုင်ပင်နိုင်သည့်နေရာ၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း မဲဆန္ဒရှင်ပြည်သူများကို တွေ့ဆုံဆွေးနွေးသည့် နေရာအဖြစ် အသုံးပြုနိုင်ပါကြောင်း။
အဆိုပါ Community Centre များတွင် ဝါသနာတူအသင်းအဖွဲ့များ စုစည်းပြီး အိမ်တွင်းမှုအတတ်ပညာ သင်တန်းများ၊ ဘာသာစကားဆိုင်ရာ သင်တန်း၊ ကွန်ပျူတာ သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများအပြင် လူငယ်လူရွယ်များ ယဉ်ကျေးမှုပစ္စည်းများကို တန်ဖိုးထားတတ်အောင် စုစည်းထိန်းသိမ်းတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ဒေသထွက်ကုန် ပစ္စည်းများ၊ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများကို နေရာပေါ်မူတည်၍ ပြတိုက်ငယ်အဖြစ် ခင်းကျင်းပြသမှုများလည်း ဆောင်ရွက်ထားပါကြောင်း။
ဒီမိုကရေစီအင်္ဂါရပ်နှင့်အညီ အစိုးရနှင့်ပြည်သူအကြား ပြောကြားနိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် ပြည်သူ့စကားဝိုင်းများ၊ ကျေးလက်နေပြည်သူများအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် မြို့နယ်များအလိုက် ပြည်သူ့စကားဝိုင်းများကို ကျင်းပပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်များ အသိဉာဏ် ပညာမြင့်မားရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (Shanti Volunteer Association) တို့ပူးပေါင်းပြီး သုံးဘီးဆိုင်ကယ်များဖြင့် ဆောင်ရွက်မှုများ ရှိပါကြောင်း၊ လူထုအခြေပြုဗဟိုဌာန ဆောင်ရွက်ရာတွင် လူထုကိုအခြေပြု၍ ဖွင့်လှစ်ထားပြီး လူထုကလည်း အခြေပြုသည့် နေရာအဖြစ် အသုံးပြုရန် လိုအပ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် လူထုအခြေပြု ဗဟိုဌာနကို ဒေသခံပြည်သူများဖြစ်သည့် လူထုကို အပ်နှံပါကြောင်း၊ ရပ်ရွာလူထုကလည်း အသုံးပြုရန်လိုအပ်ပြီး အသုံးပြုမှသာလျှင်လည်း အောင်မြင်မည်ဖြစ်ပါကြောင်းနှင့် ယနေ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလတွင် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ တည်ဆောက်သည့်နေရာအဖြစ် အထောက်အကူပြုနိုင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများ အသိပညာ ဗဟုသုတများ ပိုမိုတိုးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့တွင် စာပေလေ့လာဖတ်ရှုမှု တိုးမြင့်ဆောင်ရွက်ရန်နှင့် ရပ်ရွာရှိကိစ္စအရပ်ရပ်များကို လူထုအခြေပြုဗဟိုဌာနတွင် ဆွေးနွေးတိုင်ပင်ကြစေလိုပါကြောင်း ပြောကြားပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးက ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ ဒေသခံများကိုယ်စား တောင်ငူမြို့ မြို့မိမြို့ဖ ဦးမြင့်ညိုက လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားသည်။
ထို့နောက် တောင်ငူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှတစ်ဆင့် ကွန်ပျူတာ (Lap Top) (၁၀) လုံး လှူဒါန်းပေးသော Dr.Masahiro Tsunoda နှင့် Ms.Natsuo Miyashita တို့အား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေဖြင့်သည် လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ မြို့နယ် စာရေးဆရာများနှင့် တွေ့ဆုံပြီး စာဖတ်ဝိုင်းနှင့် ပြည်သူ့စကားဝိုင်းများ ဆောင်ရွက်မှုအပါအဝင် လာမည့်ပွင့်လင်းရာသီတွင် တောင်ငူမြို့၌ ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် စာပေရေးရာများ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့ရှိ တော်ဝင်ကေတုမတီ ယဉ်ကျေးမှုပြတိုက်၌ ခင်းကျင်းပြသထားသည့် တောင်ငူမြို့ တည်ထောင်မှု သမိုင်းကြောင်းနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)