ရန်ကုန် ၁၁ မေ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ ကမကထ ပြုလုပ်ကျင်းပသည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ သို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များသည် ယနေ့နံနက်ပိုင်းက သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်လေ့လာကြသည်။ 

ထို့သို့ သွားရောက်လေ့လာရာတွင် Myanmar Japan Thilawa Development Ltd မှ ဒါရိုက်တာ Mr. Kazuaki Shirozono နှင့် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက သီလဝါအထူး စီးပွားရေးဇုန်၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ဆောက်ရွက်နေသည့် လုပ်ငန်းများအခြေအနေ၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ထားမှု၊ ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် လာရောက် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများ ကိုရှင်းလင်းပြီး လေ့လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြသည်။ 

ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်ရှိ logistic & Warehousing ဖြစ်သည့် Daizen Myanmar ကုမ္ပဏီလီမိတက်သို့ ရောက်ရှိရာ စက်ရုံမန်နေဂျင်းဒါရိုက်တာ Mr. Tomoaki Yabe က ကုန်ပစ္စည်း သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအကြောင်း ရှင်းလင်းပြောကြားကာ လည်ပတ်နေသည့် စက်ရုံလုပ်ငန်းကို လိုက်လံပြသသည်။

 

mdn

 

ယင်းနောက် လေ့လာကြသူများသည် လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ Concrete Pile နှင့် Spun Pile များကို ထုတ်လုပ်ကာ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများကို အထောက်အကူပြုလျက်ရှိသည့် VJP ကုမ္ပဏီ လီမိတက်သို့ ရောက်ရှိရာ စက်ရုံဒါရိုက်တာ ဒေါ်ခင်ဇော်ဝင်းနှင့် မန်နေဂျာ ဦးအောင်သန်းကြည်တို့မှ စက်ရုံထုတ်လုပ်မှု အခြေအနေကိုကို ရှင်းလင်းပြောကြား၍ စက်ရုံအတွင်း ထုတ်လုပ်လျက်ရှိသည့် အခြေအနေကို လိုက်လံပြသသည်။ 

ကချင်ပြည်နယ် ဘဏ္ဍာအခွန်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းက “သီလဝါအထူးစီးပွားရေးဇုန်ကို ကျွန်တော်တို့ လာရောက်လေ့လာတာက ဒီအထူးစီပွားရေးဇုန်က အောင်မြင်တယ်ဆိုတာကို နဂိုကတည်းက ကျွန်တော်တို့က သိပြီးသားပါ။ တိုင်းနဲ့ပြည်နယ် အသီးသီးမှာလဲ စီမံကိန်းတွေကို ဒီလို အထူးစီးပွားရေး ဇုန်ဥပဒေနဲ့ ဆောင်ရွက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေက ပိုမိုမြန်ဆန်ပြီးတော့ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် ယုံကြည်မှုနဲ့ အခွင့်အလမ်းတွေ အများကြီးဖြစ်လာနိုင်မယ်လို့ ယူဆလို အခုလိုလာရောက်လေ့လာတာပါ။ 

“ကျွန်တော်တို့ ကချင်ပြည်နယ်မှာလဲ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေ လုပ်နေတယ်။ ဒီကနည်းနာနဲ့အချက် အလက်တွေ လေ့လာပြီး ကချင်မှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ထည့်သွင်းရေးဆွဲမယ့် Joint Venture Agreement -JVA ကိုရေးဆွဲတဲ့အခါ ပိုမိုအားကောင်းအောင် လေ့လာတာပါ။ ဒီလိုလေ့လာခြင်းအားဖြင့် အများကြီး အကျိုးရှိတယ်ဆိုတာတော့ သေချာပါတယ်။ ဒီမှာနဲ့ကချင်ပြည်နယ်က နယ်မြေအနေအထားကွာဟမှုတော့ ရှိတယ်။ ဒါပေမဲ့ ကိုယ့်ပြည်နယ်ရဲ့ အားသာချက်က တစ်ဖက်မှာ တရုတ်နိုင်ငံနဲ့ အနီးဆုံးရှိတယ်။ တစ်ဖက်နိုင်ငံရဲ့ နည်းပညာနဲ့ ဈေးကွက်ဝယ်လိုအားကလဲ အများကြီးရှိထားတဲ့အတွက် ကျွန်တော်တို့လဲ အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်” ဟုပြောသည်။

 

mdn

 

ယခုအခါ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၁၀၈ ခုတို့ရင်းနှီးမြှုပ်နှံလျက်ရှိကာ စက်ရုံပေါင်း ၇၂ ရုံသည် စီးပွားဖြစ် စတင်လည်ပတ်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သီလဝါ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။ 

ဧရာဝတီတိုင်း ဖျာပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်က “ကျွန်တော်တို့ ပြည်သူ့လွှတ်တော်က ခြောက်ဦးနဲ့ အမျိုးသားလွှတ်တော်က နှစ်ဦး ဒီဖိုရမ်ကို လာတက်ပါတယ်။ ဒီဖိုရမ်မှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံချင်တဲ့ လုပ်ငန်းရှင်တွေ များတာကိုလည်း တွေ့ရတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုလည်း အလွန်စိတ်ဝင်စားမှုရှိတာကို တွေ့ရတယ်။ ကျွန်တော်က ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်ပါ။ ကျွန်တော်တို့ ကော်မတီက စက်မှုဇုန် ဥပဒေကြမ်းကို တင်သွင်းထားပါတယ်။ ဒီဥပဒေ မရှိသေးပဲနဲ့ စက်မှုဇုန်တွေ အမြောက်အများ ပေါ်နေတယ်။ ရှိပြီးသား စက်မှုဇုန်တွေရော နောင်တည်ဆောက်မဲ့ စက်မှုဇုန်တွေအတွက်ရော လိုက်လျောညီထွေရှိမဲ့ ဥပဒေတစ်ခုရှိဖို့လိုတယ်။ သီလဝါအထူးစီးပွားရေးဇုန်ကို လာရောက်လေ့လာတာကလည်း ဒီမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေတဲ့ လုပ်ငန်းတွေ၊ အဓိကကတော့ ထုတ်လုပ်ရေး လုပ်ငန်းတွေပါ။ နောက် အထူးစီးပွားရေးဇုန်ရဲ့ အနာဂတ်အလားအလာတွေ၊ ရင်းနှီးမြှုပ်နှံသူတွေကို သဘောကျစေတဲ့ အရာတွေကို သိဖို့လိုက်လာတာပါ။ ဒါတွေကိုသိရင် စက်မှုဇုန် ဥပဒေကြမ်းထဲမှာပါတဲ့ ပြင်ဆင်ဖို့လိုအပ်တာတွေနဲ့ ဖြည့်စွက်ဖို့လိုတာတွေကို ဖြည့်စွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လိုက်ခဲ့တာပါ” ဟုပြောသည်။

 

mdn

 

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို မေ ၁၀ မှ ၁၁ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး တက်ရောက်လာသည့် ပြည်တွင်းပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များသည် သီလဝါအထူးစီပွားရေးဇုန်အပြင် လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများနှင့် MICT Park တို့သို့လည်း အုပ်စုခွဲ၍ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ရဲထွဋ်