သတင်းဆောင်းပါး - မင်းဘူး အောင်ကြိုင်
ရှေးဟောင်းအဆောက်အဦများ၊ ရှေးဟောင်းလက်ရာများ ပျက်စီးရခြင်းအကြောင်းရင်းများမှာ-
၁။ငလျင်ဒဏ်ကြောင့်လည်းကောင်း၊
၂။မိုးကြီးစွာ အဆက်မပြတ် ရွာသွန်းခြင်းကြောင့် လည်းကောင်း၊
၃။ညောင်ပင်၊ မဏီသံလျပ်ပင်၊ လှည်းစာဥပင် စသော အပင်များ အဆောက်အဦများပေါ်တွင် ပေါက်ရောက် ခြင်းကြောင့်လည်းကောင်း၊
၄။ပိုးမွှားတိရစ္ဆာန်များကြောင့်လည်းကောင်း၊
၅။လူ့ပယောဂကြောင့်လည်းကောင်း ပျက်စီးဆုံးရှုံးရခြင်း ဖြစ်ပါသည်။
ပုဂံရှေးဟောင်းဘုရားစေတီပုထိုးများ၊ သိမ်၊ ဇရပ် ဘုန်းကြီးကျောင်းတိုက်များ စသည့်သာသနိက အဆောက် အဦများကို အေဒီ ၁၁ ရာစုမှ အေဒီ ၁၃ ရာစုနှစ်အတွင်း နှစ်ပေါင်း နှစ်ရာကျော်အတွင်း တည်ထားခဲ့ရာ အစဉ်အလာအရ လူတိုင်းသိနေကြသည့်(လှည်းဝင်ရိုးသံ တညံညံ-ပုဂံဘုရား ပေါင်း)ဟူ၍ လင်္ကာအဆိုအရ ၄၄၄၆ ဆူ ရှိပါသည်။ ယခု ဗဗြ ဗိသုကာအသင်းမှ နောက်ဆုံးကောက်ယူချက်အရ အုတ်ကုန်းများ အပါအဝင်စုစုပေါင်း ၃၈၂၂ ဆူ ကောက်ယူ မှတ်တမ်း တင်ထားပါသည်။ ၆၀ဝ ကျော်ကွာသွားရခြင်းမှာ ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ဖြစ်သည်။
ကာကွယ်ထိန်းသိမ်းမှုပြုလုပ်
အဘယ်ကြောင့်ဆိုသော် ဘုရားအမှတ် ၁၁၆၆ နှင့် ဘုရား အမှတ် ၁၃၆ တို့မှာ ၁၉၆၈ ခုနှစ်တွင် စာရင်းကောက်ယူရာ၌ ဘုရားအမှတ် ၁၁၆၆ သည် ဧရာဝတီမြစ်ကမ်းပါးနှင့် ဘုရားငါးပေကွာသည်ဟု မှတ်တမ်းရေးထားရာ- ၁၉၉၉ ခုနှစ်တွင် နှစ် ၃၀ ကြာသောအခါ ဘုရားအောက် ကမ်းပါးရောက်လာရာ မြစ်ထဲသို့ ကျခါနီး Hanging ဖြစ်လာ၍ အမြန်ဆုံးကမ်းပါး ထိန်းနံရံကြီး တည်ဆောက်ပြီး ကာကွယ်လိုက်ရပါသည်။ အကယ်၍ ကမ်းပါး ထိန်းနံရံကြီး မတည်ဆောက်ပါက မြစ်ထဲသို့ ထိုးကျသွားဖွယ်ရာ ရှိပါသည်။
တစ်ဖန် ဘုရားအမှတ် ၁၃၆ မှာ နတ်သမီးကမ်းပါးပေါ်တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်တွင် ဘုရားကိုပတ်၍ သွားနိုင်သည့် ကမ်းပါးနှင့်ဘုရား ငါးပေကွာသေးသည်။ ၁၉၉၉ ခုနှစ်တွင် ဘုရားအခြေသို့ ကမ်းပါးရောက်လာရာ ပြိုကျမည် စိုးရိမ်ရသည်။ ကမ်းပါးအခြေတွင် ကျောက်ရိုးကမ်းပါးထိန်းနံရံ အမြန်ဆောက်ပြီး ကာကွယ် လိုက်ရပါသည်။
ထိုမှအပ ပုဂံမြို့ရိုးမှာ တောင်ဘက်မြို့ရိုးသည် ပေ ၃၇၈၀ ရှည်ပြီး မြောက်ဘက်မြို့ရိုးမှာ ပေ ၁၅၃၀ သာ ရှိတော့ရာ မြစ်ရေစားသဖြင့် တစ်ဝက်သာ ကျန်ပါသည်။ ထိုဥပမာများအတိုင်း တဖြည်းဖြည်းနှင့် ဧရာဝတီမြစ်ရေ တိုက်စားသဖြင့် ဘုရားအရေအတွက် လျော့နည်းလာရခြင်း ဖြစ်ပေသည်။ ကျောက်စာ မှတ်တမ်းများအရ ပုဂံခေတ်တွင် ဂူဘုရားကြီးများကို မင်းများက တည်ထားခဲ့သည်။ အလတ်စား စေတီများကို မိဖုရားများ၊ မင်းညီ၊ မင်းသား၊ သူဌေးသူကြွယ်များက တည်ခဲ့သည်။ အငယ်စား ဂူဘုရားစေတီများကို သာမန် ပုဂ္ဂိုလ်များက တည်ခဲ့သည်။ ပုဂံခေတ်ပြီးနောက် ပင်းယခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံ ခေတ်စသည်ဖြင့် ခေတ်အဆက်ဆက်မင်းများက ကောင်းမှု ဟောင်းများကို ပြုပြင်ခြင်း၊ နောက်ထပ် တည်ခဲ့ခြင်းများ ရှိပါသည်။
ကျောင်းတိုက်ကြီးများတည်ထောင်
ဥပမာ- မင်းတုန်းမင်းဘုရားသည် ရွှေစည်းခုံဘုရားအနီးတွင် အုတ်ပြာသာဒ်တည်ထားခြင်း၊ သီပေါမင်းသည် သဗ္ဗညု ဘုရားကြီး အရှေ့ဘက်တွင် ရာဇမုနိဘုရားကို တည်ထားခဲ့သည်။ အင်းဝခေတ် မိုးညှင်းမင်းတရားသည် ရွှေကျောင်း ကျောင်းတိုက်ကြီးကို တည်ထားခဲ့သည်။ ပင်းယခေတ်တွင် သီဟသူမင်းက ဆင်ဖြူရှင် ကျောင်းတိုက်ကြီးကို တည်ထောင်ခဲ့သည်။
တောင်ငူခေတ်တွင် ဘုရင့်နောင်မင်းတရားကြီးက ရွှေစည်းခုံ စေတီကြီးကို အောက်ခြေမှထိပ်အထိ ရွှေအပြည့် ချခဲ့သည်။ ခေါင်းလောင်းနှစ်လုံးကို လှူခဲ့သည်။ ထို့ကြောင့်လည်း ပုဂံတွင် ဘုရားများ လက်ညှိုးထိုးမလွဲ များပြားရခြင်းဖြစ်ပါသည်။အထက်ဖော်ပြပါ ပျက်စီးရခြင်းအကြောင်းရင်းများအနက် လူ့ပယောဂကြောင့် ပျက်စီးရခြင်းမှာ အဆိုးဆုံး ဖြစ်ပါသည်။ ပုဂံ၏ အရှေ့တောင်ဘက် တုရင်တောင်ပေါ်ရှိ ဥမင် (Rock- cut cave) အတွင်းမှရသော ပေစာအရ၊ အေဒီ ၁၅ ရာစု အင်းဝ ခေတ်တွင် ပြည်တွင်းစစ်ဖြစ်နေသဖြင့် ပုဂံမှာ စစ်လမ်းဖြစ်ရာ၊ ပုဂံရှိလူများ စစ်ရှောင်ရန် ပုဂံနှင့်မျက်နှာချင်းဆိုင်ရှိအောင်သာ မြစ်ခြေဘက်သို့ ထွက်ပြေး တိမ်းရှောင်ကြရာ ပုဂံတွင် ခွေးအူသံပင် မကြားရဟူ၍ ဖော်ပြပါရှိပါသည်။ ထိုအချိန်ပုဂံတွင် လူသူ ကင်းမဲ့ သွားရာ သိုက်တူးသူများသည် ဘုရားတိုင်းလိုလိုပင် အေးအေးဆေးဆေးဌာပနာရှာ တူးကြသောကြောင့် လွတ်သည့် ဘုရားမရှိပေ။ အားလုံးအဖောက်ခံရပါသည်။ အချို့စေတီကြီးများတွင် အောက်ခြေမှ အထက်ဖောင်းရစ်ပိုင်းအထိ တစ်ဆက် တည်း ဖောက်ထွင်း၍ ရှာကြပါသည်။ ထိုသို့ ဖောက်ထွင်းလိုက်ကြ သဖြင့် အတွင်းစေတီများကို တွေ့ရှိပြီး အတွင်းစေတီများကိုပါ ဖောက်ထွင်းလိုက်ကြပါသည်။ ပုဂံတွင် ဤကဲ့သို့ အပြင်စေတီကို ဖော်ထွင်းရာမှ အတွင်းစေတီများ အဆူ ၅၀ တွေ့ရပါသည်။ Encases ဘုရားများဖြစ်သည်။ အချို့ဆင်းတုကြီးများကို ဖောက်ရာ အတွင်းဆင်းတုများကိုပါ ဆင်းတုနှစ်ထပ်များ တွေ့ရပါသည်။ ဥပမာ ဓမ္မရံကြီးသွား လမ်းဘေးရှိ ဘုရားအမှတ် (၁၆၈၇)၌ အပြင်စေတီရော အတွင်းစေတီပါ ဖောက်ထားသည်ကို တွေ့ရှိနိုင်ပါသည်။ ဆင်းတုနှစ်ထပ် သုံးဆူတွေ့ရပါသည်။ ပုဂံ ရှေးဟောင်းသုတေသနပြတိုက်ရှေ့ရှိ ဘုရားအမှတ် (၁၆၁၂)အတွင်း ဆင်းတု၊ မြင်းကပါ ရွာမြောက်ဘက်ရှိ ရှင်ရဲတစ်ထောင် မြောက်ဘက်ရှိ ဂူဘုရားအတွင်းဆင်းတု၊ ဝက်ကြီးအင်းရွာ အနောက်သိကြားပုန်းဘုရားအတွင်း ဆင်းတုကြီးတို့အတွင်း၌ အတွင်းဆင်းတုငယ်များကို တွေ့ရပါသည်။
ဌာပနာများဖောက်ထွင်းထား
ရွှေဆံတော်အရှေ့ မြေဘုံသာဘုရားလှ ၁၅၁၂ တွင် သိုက်ပေါက်ပေါင်း ၁၆ နေရာရှိပါသည်။ အောက်ထပ် သံဝေဇနိယ လေးဌာန၌လည်းကောင်း၊ အပေါ်ထပ်လိုဏ်အတွင်း ဆင်းတုလေးဆူ၌လည်းကောင်း၊ အထက် ကွန်းထောင်၌ လည်းကောင်း၊ ဆင်းတုကြီး၏လက်မောင်းတော်၌လည်းကောင်း၊ အောက်ပလ္လင် ၌လည်းကောင်း၊ ၁၆ နေရာ၌လည်းကောင်း ဖောက်ထွင်းထား သည်ကို တွေ့ရပါသည်။
သိုက်တူးသမားများသည် တစ်နေရာမတွေ့လျှင် တစ်နေရာ အေးအေးဆေးဆေး တူးဖောက်ကြဟန် တူပါသည်။အလှူရှင်များသည် စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ဆင်ပြဂူအတွင်းရှိ ဆင်းတုကြီး တစ်ဆူတည်းတွင် ဦးခေါင်းတော်၊ ရင်ဘတ်တော်၊ ဝမ်းဗိုက်တော်တို့တွင် ဌာပနာကြသည်ကို တွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် သိုက်တူးသူများထားခဲ့သော ကျောက်သေတ္တာငယ်များကို သုံးနေရာတွင် တွေ့ရပါသည်။ အပေါ်ထပ်လိုဏ်အတွင်းရှိ ဆင်းတုတော်များ၌လည်း ကျောက်သေတ္တာငယ်များ တွေ့ရပါသည်။ အင်းဝခေတ်နောက် ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် တို့တွင် သိုက်တူးသမားများသည်လည်း ရွှေလိပ်ကို တစ်ဆူပြီး တစ်ဆူ ဖောက်ထွင်းရှာဖွေကြပါသေးသည်။
၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင်လည်း သိုက်တူး သမားများသည် လူသူအရောက်အပေါက် မရှိသော အလယ် ယာစုဘုရားများ၊ မလုံးဖြစ်မလာဖြစ်ဘုရားများအတွင်း ဆင်းတုများ၏ရှေ့တွင် တူးလေ့ရှိပါသည်။ ၎င်းတို့မှာ တူးရုံတင်မကပါ။ ဘုရားတွင် တန်ဆာဆင်ထားသော ကိန္နရီ ကိန္နရာ အင်္ဂတေဖြင့် ပြုသော ပန်းတော့လက်ရာများကိုပါ ခွာယူတတ်ပါသည်။
ထိုမှအပ လူတို့၏ဖျက်ဆီးမှုများမှာ ရှေးဟောင်းသုတေသန ဌာနမပေါ်မီ ၁၈၉၉ ခုနှစ်တွင် ဂျာမနီနိုင်ငံသား မစ္စတာထိုမင်းနှင့် မစ္စတာ ဒီးဒရစ်(ချ်)တို့ စာရေးဆရာနှစ်ဦးသည် ဝက်ကြီးအင်း မြောက်လှည့်ဂူဘုရားအဝင် အနောက်နံရံတွင် ၎င်းတို့၏ အမည် များကို ခဲတံဖြင့်လက်မှတ်ထိုးခဲ့ရာ ယနေ့တိုင် တွေ့ မြင်နိုင်ပါသေး သည်။
၎င်းပြင် ၁၉၀၁ ခုနှစ်ကလည်း ဂျာမနီလူမျိုး မစ္စတာ Noetling သည် မင်္ဂလာစေတီဘုရား စဉ့်ကွင်းများ၊ ဖွားစော အနီး ဓမ္မရာဇကဘုရားမှ စဉ့်ကွင်းများ၊ ဆင်ပြဂူဘုရား မြောက် ဘက်ရှိ ရတနာမာရ်အောင်ဘုရားမှ ဗုံတီးသူနှင့် ကနေသူပုံပါ သော စဉ့်ကွင်းများ၊ သဗ္ဗညုဂူဘုရားအနီးရှိ ဂရို့ချိုးဘုရားမှ ကျောက်ပေါ်စဉ့်ထုတ်ထားသော စဉ့်ကွင်းများ ခွာယူသွားခဲ့သည်။ ယခုအခါ ဂျာမနီနိုင်ငံ ဘာလင်ရှိ မနုဿဗေဒပြတိုက်တွင် ရောက်ရှိပြသထားသည်ကို သီတဂူဆရာတော်ကြီး ဒေါက်တာ ဉာဏိဿရနှင့် တမ္ပဝတီ ဦးဝင်းမောင်တို့က ပြတိုက်၌ လေးခု ကို ပြသထားရှိပြီး ကျန်သောစဉ့်ကွင်းလေးရာကျော်ကို စတိုခန်းတွင် တွေ့မြင်ခဲ့ရသည်ဟု ပြောပြသဖြင့် သိရှိခဲ့ရပါသည်။
အဆိုပါ စဉ့်ကွင်းများကို ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုမှ တစ်ဆင့် အင်တာပို အကူအညီယူ၍ ပြန်လည် တောင်းယူသင့် ပါသည်။ တစ်ဖန် ခွာယူသွားသော နံရံဆေးရေးပန်းချီများကိုလည်း ဂျာမနီနိုင်ငံ ဟားဗတ်ပြတိုက်တွင်ရှိသည်။ ပုဂံရှိ နံရံဆေးရေး ပန်းချီများ အခြေအနေကောင်းကြောင်း တမ္ပဝတီ ဦးဝင်းမောင်က ပြောပြ၍ သိရပါသည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြသထား
သီရိပစ္စယာရွာ တောင်ဘက်ရှိ ဘုရားအမှတ် (၁၀၂၆) အတွင်း ပလ္လင်တွင် တန်ဆာဆင်ထားသော ကျောက်ဗြဟ္မာ ရုပ်ငယ်များကိုလည်း ၁၉၉၀ ပြည့်နှစ်က ဘုရားသူခိုးများက ခွာယူသွားပါသည်။ ၎င်းနှစ်တွင်ပင် မြင်းကပါရွာမြောက်ဘက်ရှိ ဘုရားအမှတ် (၁၃၈၅)အတွင်း သဲကျောက်ဖြင့် ထုလုပ်ထားသော ဘုရားဆင်းတု ဦးခေါင်းသုံးလုံးကိုလည်း ဘုရားသူခိုးများက တူးထုတ်ခိုးယူသွားဖူးပါသည်။ ပြန်ရသဖြင့် ယခုအခါ ပုဂံရှေးဟောင်း သုတေသနပြတိုက်တွင် ပြသထားရှိပါသည်။
ထိုမှအပ ဓမ္မရာဇကဘုရားမှ စဉ့်ကွင်း ၁၄ ချပ်ကိုလည်း အခွာခံရပြီးနောက် ဘုရားသူခိုးများထံမှ ပြန်ရ၍ ယခုအခါ ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ပြသထားရှိပါသည်။၁၉၅၆ ခုနှစ်ခန့်က သစ်သီးစား ကိုယ်တော်ဟု ကျော်ကြားနေ သော ဘုန်းကြီးတစ်ပါးက ညောင်ဦးအရှေ့ ဂူနီဘုရား အမှတ် (၁၃၅) အတွင်း အလယ်မဏ္ဍိုင်အခြေတွင် သိုက်တူးရာ ကျောက် သေတ္တာတစ်ခုတွေ့ရှိပြီး အရှေ့ဘက်မျက်နှာ ကျောက်ပြားကို အဝတ်လျှော်ရန် ဧရာဝတီမြစ်ကမ်းဘေးသို့ ယူသွားခဲ့သည်။ ၎င်းကျောက်ပြားတွင် ပန်းချီဆေးရေး ပါသွားဟန် ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျန်သုံးဘက်ကျောက်ပြားသုံးခုနှင့် အမိုးမျက်နှာကြက်ကျောက်ပြားတို့တွင် ကြာပန်းနှင့် သတ္တဌာနခန်းပုံများ ရှိပါသည်။ အဆိုပါ ဘုန်းကြီးကပင် သတ္တဌာနခန်းပုံမှ ဗောဓိပင်နှင့် ရွှေပလ္လင်ကို ကြည့်ခန်းမှ ပလ္လင်နှင့်ဗောဓိပင်ပုံတို့ကို ကွန်းတောင်မျက်နှာပြင်တွင် အင်္ဂတေဖြင့် ပုံဖော်ထားပါသည်။
ကူမဲမြို့ အရှေ့ဘက်ရှိ မိုင်းမောပျူမြို့ဟောင်းရှိ အုတ်ကုန် တစ်ခုကို ခရိုင်ချင်းဆက်လမ်း ဖောက်လုပ်ရာ မြေထိုးစက်ဖြင့် ထိုးရာတွင် ပျူအုတ်ကုန်းတစ်ခု ပျက်စီးသွားခဲ့ရသည်။ထိုမှအပ မိုင်းမော ပျူမြို့ဟောင်းတွင် မြို့ရိုးသုံးထပ်ရှိပါသည်။ အပြင်ဆုံးမြို့ရိုးမှာ အဝိုင်း၊ အလယ်မြို့ရိုးမှာ လေးထောင့်၊ အတွင်းဆုံးမြို့ရိုးမှာ အဝိုင်းဖြစ်သည်။ အလယ်နန်းခုံမှာ လယ်စိုက်ရန် တူးဖြိုရာမှ အုတ်ရိုးတန်းတစ်ခုသာ ကျန်သည်။ မိုင်းမောမြို့ရိုး ကျုံးအတွင်းနှင့် နန်းခုံသာ ရေစုဆောင်းပုံမှာ အတော်စနစ် ကောင်းပါသည်။ တောင်ဘက်ရှိ ပျက်ခရွေတောင် မှ တောင်ကျရေများကို ကုန်းကြီးခုနစ်ခုဖြင့် ရေတားပြီး မြို့ရိုး ပတ်လည်ရှိ ကျုံးထဲသို့ ထည့်ပါသည်။ ကျုံးထဲမှတစ်ဆင့် မြို့တွင်းသို့ ရေသွင်းပါသည်။ သို့ရာတွင် စိုက်ပျိုးရေးလုပ်ရန်အတွက် အဆိုပါ ကုန်းတန်းကြီးလေးတန်းအနက်တစ်ကုန်းကို မြေထိုးစက်ဖြင့် ညှိပစ်ခြင်းခံရပါသည်။ ရှေးဟောင်းသုတေသန ဌာနမှ တားမြစ်လိုက်သဖြင့် ယခုသုံးကုန်းသာ ကျန်ပါတော့သည်။ ၎င်းပြင် အချို့လမ်းများဖောက်ရာတွင် မြေထိုးစက်များကို အသုံးပြု၍ မြေမြို့ရိုးများကို ကုန်းတန်းကြီးများ ထင်မှတ်ပြီး မြေထိုးညှိပစ်သည်များလည်း ရှိပါသည်။အချို့ မြို့ရိုးများမှာ မြေပေါင်များဖြစ်သဖြင့် မြေပေါင်ကြီးများကို တွေ့ရှိပါလျှင် မြေမညှိခင်တွင် သက်ဆိုင်ရာ နီးစပ်ရာ ရှေးဟောင်းသုတေသနဌာနခွဲများနှင့် ဆက်သွယ်ပြသသင့်ပါ ကြောင်း အကြံပြု တင်ပြအပ်ပါသည်။၁၉၆၁ ခုနှစ်ကလည်း ပုဂံမြို့ရိုးတောင်ဘက်ရှိ မြို့တံခါး ပေါက်ကိုစောင့်သော စန ́လီ အဆောက်အဦမှာ လမ်းဖောက် ရာ၌ တစ်ခြမ်းပါသွားဖူးပါသည်။
ရှေးဟောင်းလက်ရာများပြုပြင်နေမှု
ထို့ပြင် ကိုလိုနီခေတ် ပုဂံဘုရား ၄၀ ခန့်ကို ပြုပြင် ထိန်းသိမ်းရာ၌ ပခုက္ကူမြို့ PWD မှ ပြုပြင်ပေးပါသည်။ ပြုပြင်ရာတွင် အုတ်ဟောင်းများကို ရရှိရန် တံတိုင်းအချို့မှ ခွာယူပါသည်။ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ထီးလိုမင်းလို ဘုရားတို့ကို ပြုပြင်ရန် အရေးမကြီးသော ပြဿဒ်ကြီးဘုရားမှ ပေါင်းကူးအုတ်များကို ထုတ်ယူ၍ ပြင်ကြပါသည်။
နှောင်းခေတ်အင်ဂျင်နီယာများကလည်း ၁၉၆၃ ခုနှစ်တိုင် အုတ်ဟောင်းများကို တံတိုင်းများမှ ခွာယူအသုံးပြုကြပါသည်။ သိမ္မစည်းဘုရားပြုပြင်ရန် သိမ္မစည်းတံတိုင်းနှင့် အုတ်ခုံကို ဖျက်ကာ ပြုပြင်နေသည်ကို တွေ့ရှိ၍ စာရေးသူကိုယ်တိုင် ပန်းရန်များကို တံတိုင်းသည်လည်းကောင်း၊ အုတ်ခုံသည် လည်းကောင်း၊ ရှေးဟောင်းအဆောက်အဦများဖြစ်ကြောင်း ရှင်းပြပြီး တားမြစ်ခဲ့ရပါသည်။
တစ်ဖန် ၁၉၉၅ ခုနှစ်တွင် ယူနက်စကိုမှ စေလွှတ်လိုက်သော နိုင်ငံခြားသားတစ်ဦးက ပြန်ကျထားသော အုတ်ဟောင်းများကို ယာခင်းများပေါ်တွင် ပြန့်ကျဲနေသော အုတ်ဟောင်းများဖြင့် ပြင်ရန် ပြောသွားသောကြောင့် အလုပ်သမားများသည် စေတနာကြီး ဘုရားတံတိုင်း၊ ကျောင်းကြီး ညီအစ်မတံတိုင်းများ ပေါ်ရှိ အုတ်များကို ခွာယူပြီး ပြင်နေကြသဖြင့် စာရေးသူကပင် တားမြစ်ခဲ့ရဖူးပါသည်။
၎င်းပြင် ဘုရားများအတွင်း နံရံဆေးရေးပန်းချီများကို ထုံးသုတ်ခြင်းမှာလည်း ဖျက်ဆီးမှုတစ်မျိုးဖြစ်ပါသည်။ ဥပမာ ပုဂံရှိ အာနန္ဒာဂူဘုရားကြီးအတွင်း နံရံများအားလုံးတွင် မူလက နံရံဆေးရေးပန်းချီများ ရေးဆွဲထားပါ သည်။သို့ရာတွင် နံရံဆေးရေးပန်းချီများကိုခက်ခဲစွာ၊ စိတ်ရှည်စွာ ဖြင့် ရေးဆွဲခဲ့သည်ကို မထောက်ထားဘဲ မြတ်နိုးမှု မရှိသော ကုသိုလ်ရှင်များက ထုံးအထပ်ထပ်သုတ်ခဲ့ကြပါသည်။ ယခုအခါ အိန္ဒိယအစိုးရ အကူအညီ ပေးသော ရန်ပုံငွေဖြင့် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနအဖွဲ့က ထုံးများကို ခွာပေးရာ အတော်များများ ပန်းချီများပေါ်လာပါသည်။ ထုံးအလွှာပေါင်း လေးလွှာကို ခွာယူရပါသည်။ ယခုခေတ်တွင် ထုံးသုတ်ခြင်း မဟုတ်ပါ။ လွန်ခဲ့သော နှစ်များစွာက သုတ်ခဲ့ကြောင်း လေ့လာ တွေ့ရှိရပါသည်။
စလေမြို့တော် ငါးမာန်အောင်ဘုရား မြောက်ဘက်ရှိ ဘုရားအမှတ်(၈၀)အတွင်း ပုဂံခေတ်ပန်းချီများပေါ် ထုံးသုတ် လိုက်သဖြင့် ပျက်စီးရပါသည်။ ပုဂံမြို့တောင် - ရွာသာရွာအရှေ့ဘက်ရှိ ညောင်ရမ်းခေတ် ဘုရားတစ်ဆူအတွင်းရှိ ညောင်ရမ်းခေတ် ပန်းချီများကိုလည်း ရှေးဟောင်းနံရံဆေးရေးပန်းချီတန်ဖိုးကို မသိသော ပုဂ္ဂိုလ်များက ထုံးသုတ်ပစ်လိုက်ကြသဖြင့် ပျက်စီးခဲ့ရပါသည်။သို့ပါ၍ ရှေးဟောင်းခေတ်အဆက် ဆက် ရေးသားပူဇော်ခဲ့ကြသော နံရံဆေးရေးပန်းချီများကို ထုံးသုတ်ခြင်းဖြင့် မဖျက် ဆီးကြပါရန် မေတ္တာရပ်ခံ တောင်းပန်အပ်ပါကြောင်း။