မြိတ်    ၁၂  မေ 


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် နန်းတော်ရာကျေးရွာတွင် မူးယစ်ဆေးဝါး သုံးစွဲမှုမရှိခြင်း၊ ဖမ်းဆီးရမိမှု မရှိခြင်းနှင့် ကျေးရွာပြည်သူများမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက် ရှိခြင်းတို့ကြောင့် မေ ၁၁ ရက်တွင် မူးယစ်ကင်းစင်နယ်မြေအဖြစ် ဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သိရသည်။

 

1

 


“မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး ကင်းစင်နယ်မြေနှင့် မူးယစ်ဆေးဝါးကင်းမဲ့ဇုန်များ ဖြစ်ပေါ်လာစေရေးအတွက် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ ပြည်သူလူထုများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်းပြီး တစ်ပတ်လျှင် (၄)ကြိမ် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ပညာပေးဟောပြောခဲ့ပါတယ်။ ဒီလို ရပ်ကွက်/ကျေးရွာများ၌ ပညာပေး ဟောပြောဆောင်ရွက်ရာတွင် နန်းတော်ရာကျေးရွာသည် မူးယစ်ဆေးဝါး သုံးစွဲတာ ဖမ်းဆီးတာလည်း မရှိဘူး။ ကျေးရွာအတွင်းရှိ ပြည်သူလူထုကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ တက်တက်ကြွကြွ ပါဝင်လျက်ရှိပြီး သူတို့ရွာမှာ လုံးဝမရှိကြောင်း သိရှိရတဲ့အတွက် မူးယစ်ဆေးဝါး ကင်းစင်နယ်မြေအဖြစ် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်”ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းက ပြောသည်။

 

1

 


မူးယစ်ကင်းစင်နယ်မြေ ဆိုင်းဘုတ်စိုက်ထူရာတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက ကျေးရွာသူရွာသားများအား ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း အတွင်းရေးမှူး ဦးဝင်းမောင်က နန်းတော်ရာ ကျေးရွာအား မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ် ၅၀ဝ၀ဝ၀ သိန်းနှင့် ပညာပေးစာစောင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။


ခိုင်ထူး (မြိတ် ပြန်/ဆက်)