ထီးချိုင့် ၁၂ မေ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာအနီးတွင် နဘား-အုန်းတော လျှပ်စစ်မဟာဓာတ်အားလိုင်း သွယ်တန်းနေစဉ် တရုတ်နိုင်ငံသားတစ်ဦး လျှပ်စစ်ဓာတ်တိုင်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ မေ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ထီးချိုင့်မြို့နယ်၊ အလယ်တောနယ်မြေ ရဲကင်းစခန်းမှူး ရဲအုပ်ဗိုလ်ဗိုလ်အောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် လူတစ်ဦး လျှပ်စစ်ဓာတ်တိုင်ပေါ်မှ ပြုတ်ကျနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ တရုတ်နိုင်ငံသား ရှောင်နီ၊ ပတ်(စ်)ပို့ PP NO- EC 1109132 ဗီဇာအမှတ် A 166221 (Cantral Chine Power) ကုမ္ပဏီတွင် လုပ်ကိုင်နေသူသည် ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာအနီး၊ နဘား-အုန်းတော လျှပ်စစ်မဟာဓာတ်အားလိုင်း သွယ်တန်းနေစဉ် မိုင်တိုင်အမှတ် (၁၀၇)နေရာတွင် အမြင့်ပေ (၁၀ဝ)ခန့်ရှိ လျှပ်စစ်ဓာတ်တိုင်ပေါ်မှ ခါးပတ်ကြိုးပြတ်ကာ ပြုတ်ကျနေကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါလူနာအား မန္တလေးဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားသဖြင့် ထီးချိုင့်မြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။


လူအောင်(ကသာ)