ညောင်ရွှေ   ၁၂   မေ    

 

ညောင်ရွှေမြို့၏ ကျက်သရေဆောင် ရတနာမာရ်အောင် စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် အစဉ်အလာ ရိုးရာမပျက် နှစ်စဉ်ကျင်းပသော ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့်  ကဆုန်ဆွမ်းတော်ကြီးပွဲတော်ကို နှစ်(၁၀ဝ)ပြည့်အဖြစ် ညောင်ရွှေမြို့တွင် ကဆုန်လဆန်း ၁၁ ရက်မှ ၁၄ ရက်ထိ (မေ ၁၄ ရက်မှ ၁၇ ရက်ထိ) စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ညောင်ရွှေမြို့ ကဆုန်ဆွမ်းတော်ကြီးပွဲတော်ကို ရှေးယခင် စော်ဘွားများလက်ထက်ကတည်းက ရာသီပွဲတော် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ်  ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊   ယခုနှစ်တွင် နှစ် (၁၀ဝ)ပြည့်မြောက်ပြီ ဖြစ်ကြောင်း၊ ညောင်ရွှေမြို့တွင် ရပ်ကွက် ရှစ် ရပ်ကွက်ရှိရာ နှစ်ရပ်ကွက်လျင် တစ်ရက်ဖြင့် လေးရက် ကျင်းပ မည်ဖြစ်ကြောင်း၊ ညောင်ရွှေမြို့တွင်းသို့ ရပ်ကွက်အလိုက် စုရပ်များမှ တန်းစီပြီး လှည့်လည်ရာတွင် ဆွမ်းတော်ပွဲများ၊ ငွေပဒေသာပင်များ၊ ရွှေဖယောင်းတိုင်၊ ငွေဖယောင်းတိုင်များ၊ အိုးစည်ဗုံမောင်း တီးဝိုင်းများ၊ ရိုးရာဗန်အကများဖြင့် ညနေပိုင်းတွင် မြို့တွင်းသို့ လှည့်လည်ပြီး ရတနာမာရ်အောင်စေတီတော်တွင် ကပ်လှူမည်ဖြစ်ကြောင်း၊ ညပိုင်းတွင် ပန်း၊ ရေချမ်း၊ ရွှေဖယောင်းတိုင်၊ ငွေဖယောင်းတိုင်များ ကပ်လှူပြီး နောက်တစ်ရက် နံနက်ပိုင်းတွင် ဆွမ်းတော်များကို ကပ်လှူမည်ဖြစ်ကြောင်း၊ မေ ၁၄ ရက်တွင် နန်းပန်ရပ်နှင့် မင်္ဂလာရပ်၊  မေ ၁၅ ရက်တွင် မိုင်းလီရပ်နှင့်နန္ဒဝန်ရပ်၊  မေ ၁၆ ရက်တွင် မြို့လည်ရပ်နှင့် ဝင်းရပ်၊ မေ ၁၇ ရက်တွင် ကန်သာရပ်နှင့် သာစည်ရပ်တို့ လှည့်လည်မည် ဖြစ်ကြောင်း ရတနာမာရ်အောင်စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထို့ပြင် ကဆုန်လပြည့်နေ့တွင် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် (၆၁)မြောက် ကဆုန်ညောင်ရေသွန်း ပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

(နေမျိုးသူရိန်)                  

 

e 312137