အစ္စလာမ္မာဘတ် ၁၃ မေ
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဂွါဒါမြို့တော်ရှိ ဇိမ်ခံဟိုတယ်တစ်ခုအပေါ် အကြမ်းဖက်တိုက်ခိုက်ခြင်းမှာ နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလိုသည့် အဖျက်အမှောင့်တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် အမ်မရန်ခန်းက ပြောကြားသည်။
တိုက်ခိုက်သူများ အားလုံးကိုသုတ်သင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ဒေါ်လာဘီလီယံချီတန်ကြေးရှိသည့် အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုတွင် အချက်အချာ နေရာဖြစ်သည့် ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဂွါဒါမြို့တော်၌ မေလ ၁၁ ရက်တွင် အကြမ်းဖက်သမားများက ဇိမ်ခံဟိုတယ်တစ်လုံးကို တိုက်ခိုက်ခဲ့ပြီး လူတစ်ဦးကို ပစ်သတ်ခဲ့သည်။ ခွဲထွက်ရေးအုပ်စုတစ်ခုဖြစ်သည့် ဘလူချီစတန်လွတ်မြောက်ရေးတပ်မတော်(BLA)က တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း တွစ်တာမှတစ်ဆင့် ဝန်ခံပြောကြားခဲ့သည်။
“ဘလူချီစတန်ပြည်နယ်က ဒီလိုတိုက်ခိုက်မှုတွေဟာ ကျွန်တော်တို့ရဲ့စီးပွားရေးစီမံကိန်းတွေ၊ ကြွယ်ဝ ချမ်းသာမှုတွေအတွက် အဖျက်အမှောင့်ပြုလုပ်မယ့် ကြိုးပမ်းမှုတစ်ခုဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကို ကျွန်တော်တို့ ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ပါကစ္စတန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည့် ကြေညာချက်တစ်ခုအတွင်း အမ်မရန်ခန်းက ပြောသည်။ အကြမ်းဖက်သမားလေးဦးကို ချေမှုန်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက ဟိုတယ်အဆောက်အအုံတစ်ခုလုံးကို ထိန်းချုပ်ခဲ့ကြောင်း ဂွါဒါရှိ ဒေသခံရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ အကြမ်းဖက်သမားမှာ သုံးဦးဖြစ်ကြောင်း အစောပိုင်းတွင် ပါကစ္စတန်တပ်မတော်က ပြောကြားခဲ့သည်။ တိုက်ခိုက်မှုများဖြစ်ပွားချိန်က ဟိုတယ်အတွင်း ဝန်ထမ်းများသာရှိခဲ့ကြောင်း ဂွါဒါမြို့တော်ရှိ ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးဖြစ်သူ မိုဟာမက်အစ္စလာမ်က အေအက်ဖ်ပီသတင်း ဌာနသို့ ပြောကြားခဲ့သည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-ကျော်ထိုက်စိုး