ဖယ်ခုံ     ၁၃   မေ 


ရှမ်းပြည်နယ် သူနာပြုနှင့် သားဖွားအသင်းမှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ အထိမ်းအမှတ် အခမ်းအနားကို မေ ၁၂ ရက်နေ့ နံနက် ၁၀  နာရီက ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျင်းပသည်။


အခမ်းအနားကို တောင်ကြီးသူနာပြု သင်တန်းကျောင်းမှ သင်တန်းသူ/သင်တန်းသားများက ကရုဏာအလင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ဖယ်ခုံမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦးက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါ်ရင်မြထံမှ ပေးပို့လာသော သဝဏ်လွှာကို ရှမ်းပြည်နယ် သူနာပြုနှင့်သားဖွားအသင်းဥက္ကဋ္ဌ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး မာမီဒေါ်နှင်းဝေက ဖတ်ကြားသည်။


ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်တွင် သူနာပြု သစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီးနောက် တောင်ကြီးမြို့ သူနာပြု သင်တန်းကျောင်းမှ ကျောင်းအုပ်ဒေါ်ခင်မိုးသူ၊ နည်းပြဒေါ်သဲနုနွယ်တို့က ဟောပြောဆွေးနွေးခဲ့ကြပြီး ဖယ်ခုံဆေးရုံမှ သူနာပြုသားဖွားများကိုယ်စား အထက်တန်းသူနာပြု ဒေါ်ဌေးမြာသဲက ကျေးဇူးတင်စကားပြောကြားသည်။


အခမ်းအနားသို့ ဖယ်ခုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်နိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ်သူနာပြုနှင့် သားဖွားအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊  တောင်ကြီးမြို့ သူနာပြုသင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ နည်းပြများနှင့်သင်တန်းသူ/သင်တန်းသားများ၊ တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံမှသူနာပြုများ၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ သူနာပြုများ၊ တောင်ကြီးခရိုင် အတွင်းရှိ ဆေးရုံများမှ သူနာပြုနှင့် သားဖွားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


ကိုထွေး(ဖယ်ခုံ)