မန္တလေး ၁၂ မေ
မန္တလေး ကျုံးအရှေ့ဘက် ၆၆ လမ်းရှိ ပလက်ဖောင်တစ်လျောက်တွင် စည်းကမ်းမဲ့ ကွမ်းသွေးထွေးမှုများ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံကသိရသည်။

ကျုံးအရှေ့ဘက် ၆၆ လမ်းရှိ ပလက်ဖောင်းကို နိုင်ငံတကာ အဆင့်မီ ပြုပြင်မှုများပြုလုပ်ခဲ့ပြီး ယခုနှစ်သင်္ကြန်အကြိုနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းသို့ဖွင့်လှစ်အပြီးတွင် ပလက်ဖောင်းပေါ်များနှင့် ပန်းခုံများကြားတွင် ကွမ်းသွေးများသည်ကမ်းမဲ့ ထွေးသည်ပုံများ Online ပေါ်တွင် ပျံနှံ့ခဲ့သည်။

"ဒီလို အများသူတွေ လမ်းလျှောက်ဖို့ ပြုလုပ်ထားတဲ့ ပလေက်ဖောင်းပေါ်တွေမှာ ပန်းခုံတွေမှာ စည်းကမ်းမဲ့ ကွမ်းသွေးထွေးမှုက မန္တလေးမြို့ရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်။ အဲ့တာကြောင့် ဇွန်လလောက်ကနေစပြီး စည်းကမ်းမဲ့ ကွမ်းသွေးထွေးသူတွေကို အရေးယူသွားမယ်" ဟု စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး)မှ ရဲမှူးငြိမ်းချမ်းအောင်ထံမှ သိရသည်။

အဆိုပါ ပလက်ဖောင်းတစ်လျှောက်တွင် စည်းကမ်းမဲ့ကွမ်းသွေးထွေးမှု များတွေ့ရှိပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာ ယာရဲတပ်ဖွဲ့(မန္တလေး)နှင့် အခြားပူးပေါင်းအဖွဲ့များက ဖမ်းဆီး၍ တရားရုံးတွင်ဒဏ်ငွေ ငွေကျပ် ၅၀ဝဝဝ မှ ငွေကျပ် နှစ်သိန်းထိ ဒဏ်ရိုက်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက ကျုံးအရှေ့ဘက်ခြမ်း ၆၆လမ်းတစ်လျှောက်ရှိ ပလက် ဖောင်းကို နိုင်ငံတကာအဆင့်မီ ဖြစ်စေရန် အဆင့်မြှင့်တင်မှုများကို ပြုလုပ်ထားပြီး အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ထိုင်ခုံများ ချပေးထားကာပန်းပင်များနှင့် အရိပ်ရသစ်ပင်များလည်း စိုက်ပျိုထားသည်။
အဆိုပါ အပန်းဖြေလျှောက်လမ်းကို သင်္ဂဟဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က လှူဒါန်းခြင်းဖြစ်သည်။
သူရိန်လင်း