ပင်လည်ဘူး ၁၃ မေ   

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံ စားသောက်ကုန်မုန့်ဖုတ် သင်တန်းဆင်းပွဲအခမ်းအနားကို မေ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးသက်ထွန်းဇော်က သင်တန်းဆင်းပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားရာ  ယခုသင်တန်းကို မေ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခြေခံ စားသောက်ကုန် မုန့်ဖုတ်သင်တန်းမှာ ပြီးစီးပြီဖြစ်သည့်အတွက် ဒီသင်တန်းကို တက်ရောက်လာသည့် သင်တန်းသူများအနေဖြင့် သင်တန်းက ပို့ချသင်ကြားပြုလုပ်ခဲ့သည့် မုန့်ဖုတ်ပြုလုပ်နည်း ပညာရပ်များဖြင့် မိမိတို့ရပ်ရွာ ဒေသတွင် အဆိုပါ ပညာရပ်များဖြင့် တစ်ဖက်တစ်လှမ်းမှ မိသားစု စီးပွားရေးအပို ဝင်ငွေများ ရရှိအောင် အကျိုးရှိရှိပြုလုပ်ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)