မင်းဘူး ၁၃ မေ     


ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်အတွင်း သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရသော ကျေးရွာများသို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်၍ ရေလှူဒါန်းခဲ့ကြောင်း "ဖြူစင်တွဲလက်" ပရဟိတရေလှူအဖွဲ့(မင်းဘူး) သိရသည်။


အဆိုပါ ရေလှူဒါန်းမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူး ဦးအောင်ဖုန်းလင်း၊ "အောင်မြေပရဟိတအဖွဲ့(မကွေး)"၊ "ဖြူစင်တွဲလက်ပရဟိတ ရေလှူအဖွဲ့(မင်းဘူး)" နှင့် ပရဟိတအဖွဲ့ဝင်များ ပါဝင်သေ ာပူးပေါင်းအဖွဲ့တို့က ရေများသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ 


ထိုသို့သောက်သုံးရေ လှူဒါန်းမှုပြုလုပ်ရာတွင် မင်းဘူး(စကု)မြို့နယ်၊ ဝက်မြေကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ထောင်စု(၅၆)စု အသုံးပြုနိုင်ရန်အတွက် အောင်မြေပရဟိတအဖွဲ့(မကွေး) မှ ရေဂါလန်(၃၀ဝ၀)ပါ ရေကားနှစ်စီးနှင့် စုစုပေါင်း ရေဂါလန်(၆၀ဝ၀)ကို ပေးဝေလှူဒါန်းခဲ့ပြီး ပျော်ဘွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ထောင်စု(၆၄)စုအတွက် နှစ်ဆယ်လီတာပါ ရေသန့်ဘူးကြီး(၉၅)ဘူးကို လှူဒါန်းခဲ့ကြောင်း သိရသည်။ 


"အခုလို သောက်သုံးရေ လိုအပ်နေတဲ့အချိန်မှာ လာရောက်ပြီး ရေလှူပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်၊ ဒီနှစ်ကမိုးရွာသွန်းမှုကလည်းနည်း ရာသီဥတုကလည်းအရမ်းပူတော့ ရေတွေကခန်းခြောက်ပြီး ကော်ဖီရောင်တောင်ထနေတယ် အခုလိုလာရောက် လှူဒါန်းပေးတော့ ရေကောင်းရေသန့်သောက်ရတာပေါ့ဗျာ အခြားရေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါဒဏ်ကလည်းလျော့သွားတာပေါ့"ဟု ပျော်ဘွယ်ကျေးရွာ ဒေသခံတစ်ဦးမှ ပြောကြားသည်။ 


ရာသီဥတုပူပြင်းမှုကြောင့် ထိုကဲ့သို့ ရေရှားပါးမှုနှင့် ကြုံတွေ့နေရသော မင်းဘူး(စကု)မြို့နယ် အတွင်းရှိ ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများသို့လည်း ဆက်လက်၍သောက်သုံးရေများ လှူဒါန်းသွားမည်ဖြစ်ကြောင်း "ဖြူစင်တွဲလက်" ပရဟိတ ရေလှူအဖွဲ့(မင်းဘူး) တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။


မျိုးမြတ်၊ ကိုဂျေ(မင်းဘူး)