ကော့သောင်း ၁၃ မေ
တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်ရေးဆွဲရေး ဗဟုသုတဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်ရေးဆွဲရေး ဗဟုသုတဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှစ်စပ်လျဉ်း၍၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းဦးစီးဌာန၊ တာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး က ရှင်းလင်းပြောကြားသည်။
ယင်းနောက် “မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကို (၂၀၁၈)ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး မဟာဗျူဟာ မူဘောင် နေပြည်တော်အဆင့်တွင် ပြဌာန်းနိုင်ရေး မဟာဗျူဟာ မူဘောင်အကောင် အထည်ဖော်ဆောင်နိုင်ရန် တိုင်းဒေသကြီးအဆင့်တွင် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်များ ရေးဆွဲနိုင်ရေး အတွက် ဗဟုသုတဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် မဟာဗျူဟာ မူဘောင်မှာပါတဲ့ ဦးစားပေးနယ်ပယ်(၇)ခုနှင့် သက်ဆိုင်သည့် ဦးစီးဌာနများ၊ လုပ်ငန်း အဖွဲ့များ၏ မူဝါဒ လုပ်ငန်းတာဝန်များကို ဗဟုသုတအဖြစ် ချပြရှင်းလင်းဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ကြောင်း” တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ထွန်း က ပြောသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသည် တိုင်းဒေသကြီးအဆင့်ဖြစ်ပြီး ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်ကို (၅)နှစ်ကာလ ရေးဆွဲမည်ဖြစ်၍ ဇီဝမျိုးစုံမျိုးကွဲများ၊ မြေယာအသုံးချမှုနှင့်မြေနေရာ သတ်မှတ်ခြင်းဆိုင်ရာ ကဏ္ဍ၊ အဏ္ဏဝါနှင့်ကမ်းရိုးတန်းဂေဟစနစ်၊ ရေအရင်းအမြစ်နှင့်မြစ်ဝှမ်းဒေသများ သန့်ရှင်းကောင်းမွန်စွာ လည်ပတ်ရေး၊ စွမ်းအင်ကဏ္ဍ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး၊ ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များ စသည့် အကြောင်းအရာများကို ကဏ္ဍအလိုက် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ မေလ(၁၃) ရက်မှ (၁၄)ရက်နေ့အထိ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)