နေပြည်တော် ၁၃  မေ 

 

မြေဆီလွှာ ပထဝီအခြေခံအချက်အလက်များဆိုင်ရာ ကျွမ်းကျင်ပညာရှင်စနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးစီမံကိန်း၏ တတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော် Park Royal Hotel ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အစားအစာများ အာဟာရပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးအတွက် အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် မြေဆီလွှာဆိုင်ရာ အသိပညာ၊ နည်းပညာနှင့် ဗဟုသုတများ အချင်းချင်း မျှဝေဆောင်ရွက်သွားခြင်းဖြင့် မြေဆီလွှာ ပထဝီအခြေခံ အချက်အလက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မြေဆီလွှာ စီမံခန့်ခွဲမှု၊ အသိပညာများ မြင့်မားမှု၊ သုတေသနဆောင်ရွက်ချက်၊ သတင်းအချက်အလက်နှင့် အခြေခံအချက်အလက်စနစ်များ သဟဇာတရှိမှု စသည့်ကဏ္ဍ(၅)ခုဖြင့် မြေဆီလွှာ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ 

 

IMG_98

 

မြေဆီလွှာ၏ အခန်းကဏ္ဍသည် သဘာဝပတ်ဝန်းကျင် ရေမြေတောတောင်၊ စိမ်းလန်းစိုပြည်သာယာရေး၊ ကမ္ဘာတစ်ဝန်း အစားအစာများ အာဟာရပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးတို့အတွက် များစွာအရေးပါကြောင်း၊ စီးပွားရေးစနစ် ကောင်းမွန်မှု၊ ဇီဝဖြစ်စဉ် ပြောင်းလဲမှု၊ သန့်ရှင်းသော ရေရရှိနိုင်မှု၊ ရာသီဥတု စဉ်ဆက်မပြတ် ပုံမှန်ဖြစ် တည်မှု၊ လူသားများ သက်ရှင်နေထိုင်နိုင်မှုတို့အပေါ်လည်း များစွာထောက်ကူပေးပါကြောင်း၊ လူဦးရေ တိုးပွားလာမှုနှင့်အတူ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ကမ္ဘာအဝန်း အစားအစာထုတ်လုပ်နိုင်မှု လိုအပ်ချက်မြင့်မားမှုနှင့် မြေဆီလွှာခန်းခြောက်မှု ပြဿနာများကို ရင်ဆိုင်နေရကြောင်း၊ အဆိုပါပြဿနာများအား အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်ရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာပညာရှင်များ ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းက မြန်မာနိုင်ငံ မြေဆီလွှာပထဝီ အခြေခံအချက်အလက်စနစ်ဆိုင်ရာ နည်းပညာအဖွဲ့အကြောင်းကို လည်းကောင်း၊ Moscow Lomonosov State University မှ စီမံကိန်းမန်နေဂျာ Dr. Irina O. Alyabina နှင့် Mr. Oleg. M. Golozubov တို့က စီမံကိန်းဆိုင်ရာနှင့် ရုရှားနိုင်ငံတွင် မြေဆီလွှာ ပထဝီအခြေခံအချက်အလက်ဆိုင်ရာ မှတ်တမ်းထားခြင်း (Soil Data Center) ဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 

 

IMG_98

 

မြေဆီလွှာပထဝီအခြေခံအချက်အလက်များဆိုင်ရာ သတင်းအချက်အလက်များကို ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ မြေဆီလွှာပညာရှင်များ အချင်းချင်း ဆွေးနွေးဖလှယ်ကြရန်၊ မြေဆီလွှာဆိုင်ရာ အခြေခံ အချက်အလက်မှတ်တမ်းများကို DATABASE များတွင် ရေးသွင်းပြီး မြေဆီလွှာပျက်စီးဆုံးရှုံးခြင်းများကို ကာကွယ်၍ မြေဆီလွှာအရင်းအမြစ်ကို ထိန်းသိမ်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးနိုင်ရန်အတွက် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ စီမံကိန်းအစီအစဉ်အရ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ၂၀၁၈ ခုနှစ် မေ(၁၄)ရက်မှ (၁၉) ရက် အထိ ကျင်းပခဲ့ပြီး ဒုတိယ အကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၃) ရက်မှ (၇) ရက်အထိ ကျင်းပ ဆောင်ရွက် ခဲ့ပြီးဖြစ်သည်။ ယခု စီမံကိန်း၏ အထောက် အပံ့များကို ရုရှားနိုင်ငံ မော်စကိုတက္ကသိုလ် (Moscow Lomonosov State University – Russia Federation) မှ ကျခံဆောင်ရွက်ခြင်းဖြစ်ကာ ယနေ့ကျင်းပသည့် တတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲကို မေ (၁၃) ရက်မှ (၁၇) ရက်အထိ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

ge IMG_