ရန်ကုန် ၁၃  မေ 

 

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေး၊ ပညာရပ်ဆိုင်ရာဟောပြောပွဲ၊ ပညာပေး ပြခန်းများခင်းကျင်းပြသပွဲနှင့် ရေထွက်ပစ္စည်းဈေးပွဲတော် အခမ်းအနား (တတိယနေ့)ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း၊ ဘုရင့်နောင်လမ်းမကြီးနှင့် ဆေးဝါးစက်ရုံလမ်းထောင့်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ဆက်လက်ကျင်းပသည်။

 

အဆိုပါ အခမ်းအနားကို မေ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်ကြာကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါအဖွဲ့ချုပ်ရှိ သီရိအဏ္ဏဝါခန်းမ၌ နှစ်ပတ်လည် အစည်းအဝေးနှင့်အတူ ဟောပြောပွဲများ၊ ပြခန်းများနှင့် ရေထွက်ပစ္စည်းဈေးပွဲတော် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြသည့် လူမှုအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမိုးသွင်က ကျေးဇူးတင်ကြောင်း ဂုဏ်ပြု အမှာစကားပြောကြားပြီး အမှတ်တရ ဂုဏ်ပြု လက်ဆောင်ပေးအပ်သည်။

 

ထို့နောက် ဒေါက်တာမင်းမင်းဦးက မြန်မာ့ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများနှင့် Deheus Myanmar ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါက်တာဖေတင်က ``အစာအရည်အသွေးကောင်းနှင့် ပက်သက်၍ ဆွေးနွေးတင်ပြခြင်း´´ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးပြီး ဒေါက်တာ ထက်ဇာနည် က Grand Hantha International Hospital ၏ နိုင်ငံတကာအဆင့်မှီ ကျန်းမာရေးစောင့်ရှောက်မှု အကြောင်းကို ရှင်းလင်းတင်ပြသည်။

 

အဆိုပါ အခမ်းအနားတွင် ငါး၊ ပုစွန်မွေးမြူရေးနှင့်ရေထွက်ပစ္စည်းများ ဘက်စုံခေတ်မီဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်သည့် ဟောပြောပွဲများနှင့် မြန်မာ့ရေထွက်ဈေးပွဲတော်အဖြစ် ပြည်တွင်း၊ ပြည်ပ ကုမ်ပဏီများမှလာရောက်ပြသည်သည့် ငါးလုပ်ငန်းနှင့်ပတ်သက်သည့် ပညာပေး ပြခန်းများ၊ နည်းပညာပြခန်းများ၊ အလှမွေးငါးပြခန်း ကိုခင်းကျင်းပြသလျက်ရှိသည်။

 

ထို့အပြင် ရေထွက် ပစ္စည်းများနှင့် ပင်လယ်စာများကိုချက်ပြုတ်ရောင်းချသည့် အစီအစဉ်များ၊ ရေထွက်ပစ္စည်းအဆင့်မြင့် ထုတ်ကုန်များနှင့် အသင့်စားသုံးနိုင်သော ပြည်ပပို့ကုန် ရေထွက်ပစ္စည်းများ ကိုလည်း ဆိုင်များဖွင့်လှစ် ရောင်းချပေးခဲ့သည်။ 

 

ညစဉ် ဖျော်ဖြေရေး အစီအစဉ်များလည်းပါဝင်လျက်ရှိရာ ယနေ့ညတွင် ဟားညီနောင် အငြိမ့် အဖွဲ့က ဖျော်ဖြေတင်ဆက်မှုများပြုလုပ်ခဲ့သည်။

 

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က “မြန်မာနိုင်ငံရဲ့ ငါး၊ ပုစွန် မွေးမြူရေးကဏ္ဍ ဘက်စုံခေတ်မီ ဖွံ့ဖြိုးတိုးတက်လာဖို့ရည်ရွယ်ပြီး ဒီအခမ်းအနားကို ကျင်းပ တာပါ။ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရင် နိုင်ငံသားတွေအတွက် ငါးရိက္ခာဖူလုံကြွယ်ဝသွားမယ်။ အဲဒီထက် ပိုလျှံအောင်ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်ကိုတင်ပို့နိုင်ရင် နိုင်ငံခြားဝင်ငွေတွေရရှိမယ့် အပြင် နိုင်ငံသားတွေအလုပ်အကိုင်ရရှိမယ်။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်သွားမှာဖြစ်ပါတယ်။ အဲဒီအတွက် ဒီအခမ်းအနားဟာ တွန်းအားတစ်ခုဖြစ်စေမှာပါ´´ ဟုပြောသည်။

 

မြန်မာ့ ငါး၊ ပုစွန်နှင့်ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုအနေဖြင့် လက်ရှိကာလတွင် အာရှ၊ ဥရောပ ဈေးကွက်များ အပါအဝင် ကမ္ဘာ့ နိုင်ငံ ၄၅ နိုင်ငံသို့တင်ပို့လျက်ရှိကြောင်း၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငါး၊ ပုစွန်နှင့်ရေထွက်ပစ္စည်းအနေဖြင့် ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပပို့ကုန်အနေဖြင့် မက်ထရစ်တန် (၅၉၀ဝ၀ဝ) ၊ အမေရိကန်ဒေါ်လာ သန်း ၇၂၀ အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း၊ လက်ရှိကာလတွင် ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီသည့် နည်းစနစ်များဖြင့် ကမ္ဘာ့ဈေးကွက်ဝင်ရန်  တိုးချဲ့ကြိုးစား လုပ်ဆောင်နေသည့် အတွက် ပြည်ပပို့ကုန်အနေဖြင့် ယခင်နှစ်ထက်သာလွန်ရန် မျှော်မှန်းထားကြောင်း ဦးဝင်းကြိုင်က ဆိုသည်။

 

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဖွဲ့စည်းမှု သမိုင်းကြောင်းနှင့်စပ်လျဉ်း၍ ရေလုပ်ငန်းပညာရှင်များအသင်းကိုဖွဲ့ ၁၉၈၉ခုနှစ် မေလမှစတင်ပြီး စည်းခဲ့ကြောင်း၊ ၁၉၉၄ခုနှစ်တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအသင်းဟုပြောင်းလဲဖွဲ့စည်းခဲ့ရာမှ ဒေသ တွင်းရှိ အာဆီယံငါးလုပ်ငန်းအဖွဲ့ချုပ်များနှင့် တန်းတူရည်တူဆက်ဆံနိုင်ရေး အတွက် ၁၉၉၈ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ် အဖြစ်သို့ တိုးမြှင့်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း ၊ အဆိုပါ အဖွဲ့ချုပ်သည် ငါးလုပ်ငန်းနှင့် ဆက်နွယ်ဆောင်ရွက်လျှက်ရှိသော ညီနောင်အသင်း(၁၀)အသင်း တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အဖွဲ့ချုပ်(၁၃)ဖွဲ့၊ခရိုင်အဖွဲ့ချုပ်(၂၅)ဖွဲ့နှင့် မြို့နယ်အဖွဲ့ချုပ် (၆၀)ဖြင့် ဖွဲ့စည်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။  

 

သတင်း-ဇော်ကြီး၊ဓာတ်ပုံ-ဖေဇော်

 

DSC_04