၁၄  မေ

 

စင်ကာပူနိုင်ငံမှာ လာရောက်လုပ်ကိုင်နေသူ၊ ရွေ့ပြောင်းအခြေချသူတွေဟာ စင်ကာပူနိုင်ငံအတွက် အကျိုးရှိတယ်လို့ ဆိုငြားသော်လည်း ၎င်းတို့အပေါ် ကာလရှည်ကြာရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး စင်ကာပူလူငယ်လေးတွေရဲ့ အမြင်မှာ ဝေဖန်မှုတွေရှိနေတယ်လို့ ပြည်တွင်းဉာဏ်ကြီးရှင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မူဝါဒလေ့လာရေးအဖွဲ့ (အိုင်ပီအက်စ်)ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

 

အစိုးရမူဝါဒတွေဟာ ငယ်ရွယ်တဲ့ စင်ကာပူလူမျိုးတွေအတွက် နေထိုင်ဖို့ တကယ့်ကိုကောင်းမွန်လှပါတယ်။ အထူးသဖြင့် ပညာရေး အခွင့်အလမ်းတွေ၊ နိုင်ငံရေး တည်ငြိမ်မှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ အိမ်ရာတွေအတွက် အထူးအခွင့်အလမ်းတွေ ရှိနေတယ်လို့ အိုင်ပီအက်စ်၏ တာဝန်ရှိပုဂ္ဂိုလ် ဒေါက်တာကို့က ပြောပါတယ်။

 

လှေကားထစ်

 

အိုင်ပီအက်စ် က ၁၉ နှစ်နဲ့ ၃၀ ကြားရှိတဲ့ လူပေါင်း ၂၀ဝ၀ ကျော်လောက်ကို ပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်မှုတွေက ဘာကိုပြနေသလဲဆိုရင် ငယ်ရွယ်တဲ့စင်ကာပူ လူငယ်တွေနဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ကြား အတွေးမျှင် တစ်ခုကို ဖော်ထုတ်ပြထားတယ်လို့ ဆိုပါတယ်။

 

အိုင်ပီအက်စ်ရဲ့ လေ့လာတွေ့ရှိမှုစစ်တမ်းတွေအရ ၅၅ ဒသမ ၉ ရာခိုင်နှုန်းလောက်သော စစ်တမ်းဖြေကြားသူတွေဟာ စင်ကာပူနိုင်ငံမှာ လက်ရှိအလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ပညာရှင်တွေ သို့မဟုတ် ပါရမီရှင်တွေဟာ စင်ကာပူထက် မြင့်မားတဲ့ အခြားနိုင်ငံတွေကိုသွားဖို့ စင်ကာပူနိုင်ငံကို လှေကားထစ်သဖွယ် အသုံးချနေတယ်လို့ ဆိုပါတယ်။

 

ဖြစ်နိုင်

 

စစ်တမ်းဖြေကြားသူ ထက်ဝက်နီးပါး (၄၈ ရာခိုင်နှုန်း)က နိုင်ငံခြားသား ပညာရှင်တွေဟာ စင်ကာပူနိုင်ငံရဲ့ လူ့အဖွဲ့ အစည်းအတွင်း ညီညွတ်မှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ၆၂ ဒသမ ၅ ရာခိုင်နှုန်းလောက်သော စစ်တမ်းဖြေကြားသူတွေဟာ နိုင်ငံခြားသား ပညာရှင်တွေဟာ စင်ကာပူနိုင်ငံရဲ့ တိုးတက်မှုတွေကို စင်ကာပူ နိုင်ငံသားတွေလိုပဲ ဆောင်ကြဉ်းတယ်လို့ ဖြေကြားခဲ့ပါတယ်။

 

အချိန်ကြာလာတာနဲ့အမျှ စင်ကာပူနိုင်ငံသားတွေက နိုင်ငံခြားသား ပညာရှင်တွေဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတယ်ဆိုတာ နားလည်ထားကြပါတယ်။ သူတို့ဟာ စင်ကာပူနိုင်ငံကြီးကို ဖွံ့ဖြိုးအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေဟာ အခုအချိန်မှာ စင်ကာပူနိုင်ငံအတွက် တိုက်ရိုက်အချိုးကျချင်မှ ကျနိုင်မှာဖြစ်သော်လည်း နောင်ဖွံ့ဖြိုးတိုးတက်လာမယ့် အနေအထားနဲ့ဆို ဖြစ်နိုင်ကောင်းပါတယ်။

 

အပြုသဘောဆောင်

 

နိုင်ငံခြားသားပညာရှင်တွေ များပြားခြင်းဟာ နိုင်ငံတိုးတက်သည် မှန်သော်လည်း တစ်ဖက်ကလည်း သူတို့တွေ ဘယ်အချိန်နိုင်ငံက ထွက်ခွာသွားမလဲဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်နေရပါတယ်။ အဲဒါက လူမှုရေးဆိုင်ရာ စည်းလုံးညီညွတ်မှုကို လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။

 

ရွှေ့ပြောင်းအခြေချသူတွေဟာ စင်ကာပူနိုင်ငံကိုလာတဲ့ အကြောင်းတရားတွေ အမျိုးမျိုးရှိပါတယ်။ သူတို့ကို အမျိုးအစားအားဖြင့် အဓိကအုပ်စုကြီးလေးစုခွဲခြားနိုင်ပါတယ်။ ပထမအုပ်စုကတော့ အစီအစဉ်တကျနေထိုင်သူတွေ ၃၁ ဒသမ ၆ ရာခိုင်နှုန်း၊ အောင်မြင်အောင် လုပ်ဆောင်နေထိုင်သူတွေ ၂၉ ဒသမ ၁ ရာခိုင်နှုန်း၊ ဟိုကူးဒီကူး နေထိုင်သူတွေ ၁၁ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ရှာဖွေစူးစမ်းလေ့လာသူတွေ ၂၇ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း အိုင်ပီအက်စ်က ဆိုပါတယ်။

 

ဟိုကူးဒီကူးနေထိုင်သူတွေနဲ့ စူးစမ်းရှာဖွေသူတွေဟာ ရည်ရွယ်ချက်မြင့်မားစွာနဲ့ ပြောင်းရွှေ့အခြေချတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပြောင်းရွှေ့ခြင်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အဆင့်အတန်းအပေါ် အကျိုးသက်ရောက်မှုရှိတယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့ သူတွေပဲ ဖြစ်ပါတယ်လို့ စစ်တမ်းကောက်ယူသူတွေက ဆိုပါတယ်။

 

ဒွန်တွဲ

 

နိုင်ငံခြားသားပညာရှင်တွေနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော ရည်ရွယ်ချက်တွေအပေါ် ဒီနေရာမှာ ပြောချင်တာကတော့ စူးစမ်းရှာဖွေသူတွေဟာ ဒေသခံတွေနဲ့ နိုင်ငံခြားသားတွေကြား သိသာတဲ့ခြားနားမှုတွေရှိတယ်လို့ ဆိုပါတယ်။ စူးစမ်းရှာဖွေတဲ့ ပြောင်းရွှေ့အခြေချတဲ့သူတွေအပေါ် လူတိုင်းက အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ ခံစားချက်မျိုးကို ဖြစ်ပေါ်စေပါတယ်လို့ စစ်တမ်းကောက်ယူသူ ဒေါက်တာကို့က ပြောပါတယ်။

 

တခြားနိုင်ငံတစ်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်တဲ့သူတွေကို မကြာခဏတွေ့ရလေ့ရှိသလို အချိန်တိုင်းလည်း တွေ့ရလေ့ရှိပါ တယ်လို့ ငါးယောက်မှာတစ်ယောက် ၁၈ ဒသမ ၃ ရာခိုင် နှုန်းသော ဖြေကြားတဲ့သူတွေက ဖြေကြားခဲ့ပါတယ်။ အဲဒီလိုမျိုး ပမာဏဟာ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ၂ ဒသမ ၉ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

 

သဘောကျ

 

တခြားတစ်ဖက်ကကြည့်ရင် သုံးပုံပုံတစ်ပုံနီးပါး ၂၉ ဒသမ ၂ ရာခိုင်နှုန်းဟာ လာမယ့်ငါးနှစ်အတွင်းမှာ နိုင်ငံခြားကို ထွက်ခွာပြီး အခြေချနေထိုင်နိုင်ခြေအပေါ် လုံးဝကို သဘောတူကြတာကို တွေ့ရပါတယ်။ ပညာရေးအဆင့်အတန်း မြင့်မားစွာရှိတာ၊ အင်္ဂလိပ်ဘာသာစကား ပြောတတ်တာနဲ့ပတ်သက်ပြီး အရွယ်ရောက် ဖြေကြားသူတွေနဲ့ ယောကျာ်းတွေကတော့ သူတို့ဟာ ရွှေ့ပြောင်းနေထိုင်မှုကို ပိုမိုပြုလုပ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ငယ်ရွယ်တဲ့ စင်ကာပူ နိုင်ငံသားတွေအနေနဲ့ နိုင်ငံမှာ အဓိကအခြေကျနေရတဲ့ အကြောင်းကတော့ မိသားစုဝင်တွေရှိတာ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုံခြုံရေး ကောင်းကောင်းရှိတာ၊ သူငယ်ချင်းတွေ ရှိတာတို့ကြောင့်ပဲ ဖြစ်ပါတယ်။

 

စင်ကာပူနိုင်ငံသားတွေ အတွက်ကတော့ ဩစတြေးလျနိုင်ငံဟာ သူတို့ရွှေ့ပြောင်းသွားလာဖို့ အကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်တယ်လို့ ၃၅ ဒသမ ၆ ရာခိုင်နှုန်းသော ဖြေကြားသူတွေက ဆိုပါတယ်။ ပြီးတော့လည်း နယူးဇီလန်၊ အမေရိကန် ပြည်ထောင်စုနဲ့ အင်္ဂလန်နိုင်ငံတို့ကိုလည်း သဘောကျကြတယ်လို့ ဆိုပါတယ်။

 

စင်ကာပူဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ဘဝကျေနပ်မှုအဆင့် အတန်းတွေမှာ အများအပြားတိုးတက်မှုရှိတယ်လို့ ဒေါက်တာ ကို့က ဆိုပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းအခြေချသူတွေဟာ အခြားနိုင်ငံမှာထက် စင်ကာပူနိုင်ငံမှာ နိုင်ငံသားဖြစ်ရတာကို ပိုပြီးသဘောကျတယ်လို့ ဆိုပါတယ်။ ၅၈ ရာခိုင်နှုန်းသော စစ်တမ်းပါဝင်ဖြေကြားသူတွေဟာ စင်ကာပူနိုင်ငံမှာနေရတာ ကျေနပ်မှုရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

 

စင်ကာပူနိုင်ငံဟာ လာမယ့်ဆယ်စုနှစ်အတွင်းမှာ စီးပွားရေး တစ်ဟုန်ထိုးတိုးတက်မယ်၊ အဲဒီလိုတိုးတက်လာတဲ့အခါ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ နိုင်ငံသားတိုင်းရရှိခံစားနိုင်မယ့် အခြေအနေတစ်ရပ်ဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ ။

 

ထွန်းသစ်စ

 

ကိုးကား - ချန်နယ်နယူးအေးရှ