ညောင်ဦး  ၁၄  မေ      
    
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၉ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများ မိုးဦးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မေ ၆ ရက်မှ စတင်၍ တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယခုလတ်တလောတွင် ကျေးရွာအုပ်စု ၈ အုပ်စုမှ တောင်သူဦးရေပေါင်း ၅၁၀ အား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း  ညောင်ဦးမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဒေါ်ရွှေဇင်ဌေး ထံမှ သိရသည်။ 
    

ယခုနှစ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို မြို့နယ်အတွင်းကျေးရွာအုပ်စု ၇၅ အုပ်စု ၊ ကျေးရွာ ပေါင်း ၂၂၁ ရွာရှိပြီး လျာထားတောင်သူဦးရေပေါင်း ၁၃၂၀ဝ ကို ချေးငွေကျပ်သိန်းပေါင်း ရှစ်သောင်းကျော် ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။ ချေးငွေများ ထုတ်ချေးရာတွင် စပါးသီးနှံစိုက်ပျိုးတောင်သူများအား တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း ထုတ်ချေးပေးသွားမှာဖြစ်ပြီး အခြားသီးနှံစိုက်ပျိုးတောင်သူများကို ယခင်နှစ်က တစ်ဧက ငွေကျပ် ငါးသောင်းနှုန်း ထုတ်ချေးပေးရာမှ ယခုနှစ်တွင် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်း တိုးမြှင့်ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
    

“ကျွန်မတို့ ညောင်ဦးမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေနဲ့ ယခုနှစ်မှာ မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံအဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် မေလ ၆ ရက်နေ့က စတင်ပြီး တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။ ချေးငွေများထုတ်ချေးပေးရာတွင် တောင်သူတစ်ဦးချင်းစီအလိုက် လယ်ယာမြေပုံစံ(၇) မူရင်း တင်ပြနိုင်သည့် တောင်သူတစ်ဦးချင်း အာမခံစနစ်ဖြင့် ထုတ်ချေးဆောင်ရွက်ပေးတာဖြစ်ပြီး ထုတ်ချေးပေးတဲ့ ချေးငွေပမာဏက စပါးသီးနှံစိုက်ပျိုးတောင်သူများကို တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးပြီး  အခြားသီးနှံ စိုက်ပျိုးတောင်သူများကို ယခင်နှစ်က တစ်ဧက ငွေကျပ် ငါးသောင်းနှုန်း ထုတ်ချေးပေးရာမှ ယခုနှစ်မှာ တစ်ဧကကို ငွေကျပ် တစ်သိန်းနှုန်း တိုးမြှင့် ထုတ်ချေးဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ယခုဆိုရင် ကျွန်မတို့ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မေ ၆ ရက်နေ့မှ မေ ၁၀ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈ အုပ်စုမှ တောင်သူဦးရေပေါင်း ၅၁၀ ဦးအား စပါးစိုက်ဧက  ၁၅၂ ဧက ၊ အခြားသီးနှံ ၃၃၂၀ ဧက စုစုပေါင်း စိုက်ဧက ၃၄၇၂ ဧကအတွက် ချေးငွေပေါင်း ၃၅၄၈၀ဝ၀ဝ၀ ကျပ် ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပါတယ်။ ကျန်ရှိတဲ့ ကျေးရွာများမှ တောင်သူများကိုလည်း ဆက်လက် ထုတ်ချေးဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်” ဟု ညောင်ဦးမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဒေါ်ရွှေဇင်ဌေး က ပြောပြ၍ သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)

 

1