ထားဝယ် ၁၄ မေ

တနင်္သာရီတိုင်းဒေသကြီး MSME Action Plan ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ဆန်းချီတိုးချဲ့ရပ်၊ ကမ်းနားလမ်ရှိ DDPC Shopping Centre Royal Palace ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကားပြောကြားရာ၌ တနင်္သာရီတိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ၁၀.၄.၂၀၁၈ ရက်နေ့တွင် (၁၁)ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး လိုအပ်ချက်အရ ၁၈.၁၁.၂၀၁၈  ရက်နေ့မှာအဖွဲ့ဝင်(၁၆)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး MSME ဖွံ့ဖြိုးရေးအတွက် MSME Action Plan ရေးဆွဲရာတွင် ဒေသတွင်းမှလုပ်ငန်းကဏ္ဍအလိုက် Start Up Position မှရေရှည်ရပ်တည်နိုင်သည့် ဈေးကွက် အခွင့်အလမ်းသို့ ရောက်ရှိသည်အထိ(VCA)Value Chain Analysis စနစ်ချိတ်ဆက်မှုဖြင့် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ယခုတက်ရောက်လာသော MSME Agency အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ MSME လုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်မှသာကောင်းမွန်သည့်MSME Action Plan ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ MSME Action Plan အလုပ်ရုံ ဆွေးနွေးပွဲဖြစ်မြောက်အောင်ကူညီပံ့ပိုးပေးကြသောMSME ဗဟိုအေဂျင်စီ၊ တိုင်းဒေသကြီး MSME အေဂျင်စီ အဖွဲ့ဝင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အထူးသဖြင့် အလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေး အတွက်ပံ့ပိုးကူညီဆောင်ရွက်ပေးပါသောဂျာမဏီနိုင်ငံမှ(K.A.S)နှင့်(NEI) National Enlightenment Institute တို့ကို ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။

ထိုနောက် နေပြည်တော်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအောင်ထူးက အမှာစကားပြောကြားရာ၌ "MSME နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်အောင် ဝိုင်းဝန်းကူညီပေးကြသည့် အတွက်တိုင်းဒေသကြီးအစိုးရအဖွဲ့က အထူးကျေးဇူတင်ရှိကြောင်း၊MSME လုပ်ငန်းများသည် တိုင်းပြည်၏လုပ်ငန်းများကို များစွာဖွံ့ဖြိုးတိုးတက်စေကြောင်း၊ ချေးငွေရရှိမှု၊ နည်းပညာရရှိမှု အခွင့်အရေးများကို ရရှိစေမှာဖြစ်ကြောင်း၊ MSME နှင့်လုပ်ငန်းလေ့လာရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီးမူဝါဒ(၁၇)ချက်အပေါ်မူတည်၍ဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် MSME လုပ်ငန်းများဖြင့် ဆောင်ရွက်ပါက ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်မည်ဖြစ်ကြောင်း ၊ MSME လုပ်ငန်းများ အကောင်အထည်ပေါ်လာရေး ဝိုင်းဝန်းအကြံပေးဆွေးနွေးပေးကြရန် လိုကြောင်းပြောကြားသည်။

၎င်းနောက် NEI (National Enlightenment Institute)အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရည်မွန်ဆုက အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး NEI အဖွဲ့မှ အကြံပေး ဦးမြတ်ခေါင်လင်းက တိုင်းဒေသကြီး၏အသေးစား၊ အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုအကြောင်းဆွေးနွေးပြောကြားကာ တက်ရောက်လာသူများက တိုင်းဒေသကြီး MSME Action Plan အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ရှင်းလင်း ဆွေးနွေးကြသည်။

 

mdn

 

အဆိုပါဆွေးနွေပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင်၊ (နေပြည်တော်၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးဦးအောင်ထူး၊(တနင်္သာရီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ)တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်ကြည်စိုးနှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ MSME အေဂျင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိများ၊ NEI (National Enlightenment Institute)မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရည်မွန်ဆုနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ပြီး ဆွေးနွေးပွဲကို  မေ ၁၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(တိုင်းဒေသကြီးပြန်/ဆက်)