နေပြည်တော် ၁၄ မေ 

အစိုးရဌာန/အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့်ရောင်းချမှုများ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက် (၁/၂၀၁၇) ပြင်ဆင်ထုတ်ပြန်ရေးအတွက် တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်(မူကြမ်း)နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

111

 

အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တစ်နိုင်ငံလုံး တပြေးညီဖြစ်စေရေးအတွက် ပြုစုထားသည့် တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက် (မူကြမ်း)ကို ဝိုင်းဝန်းဆွေးနွေးကြရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ သုံးစွဲကြပြီး တည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေး ပြည့်မီစွာ အချိန်မီအကောင်အထည် ဖော်ဆောင်ရွက်ပေးကြပါရန် အထူးတိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက် (မူကြမ်း) နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးများက တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့်ရောင်းချမှုများ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်များ SOP (မူကြမ်း) နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။ 

(သတင်းစဉ်)