ချင်းမိုင် ၁၄ မေ 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ စတုတ္ထအကြိမ် အစည်းအဝေး (4Th NCA-S EAO Summit) ကို ယနေ့နံနက်ပိုင်းမှစတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည်။ 

အဆိုပါ အစည်းအဝေးကို မေ ၁၄ ရက်မှ ၁၉ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ငါးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏  ယာယီအဖွဲ့ခေါင်းဆောင် ဦးယွက်ဆစ်က  “ထိပ်သီးအစည်းအဝေး၏ အစီအစဉ်တွင် ပါဝင်သည့် အကြောင်းအရာများကို ကိုယ်စားလှယ်ခေါင်းဆောင်များ အားလုံးက ရင်းနှီးပွင့်လင်းကျေလည်စွာ ဆွေးနွေးပြီး မိမိတို့လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် အရယူကြပါ” ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ 

ဆက်လက်၍ ဦးယွက်ဆစ်က “ကျွန်တော်တို့အားလုံး သီလ သမာဓိ ပညာနဲ့ အတွေးသစ်အမြင်သစ်ကို အသုံးပြုပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်သလို တက်ညီလက်ညီ လက်တွဲပူးပေါင်းပြီး ပြည်သူလူထုကောင်းကျိုးနဲ့ တိုင်းပြည်အကျိုးဆိုတဲ့ ပန်းတိုင်ကို အရောက်လှမ်းချီတက်ရမှာ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့နေရာမှာ အားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ လိုပါတယ်။ သူ့မူကိုယ်မူကို အသေဆုပ်ကိုင်ပြီး ဆွေးနွေးမယ်ဆိုရင်တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ အားလုံးက တန်းတူရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို လိုချင်တာချင်းအတူတူဆိုတော့ ဖက်ဒရယ်ကိုပဲ ဦးတည်ဆွေးနွေးမှ အားလုံးအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ သူ့မူကိုယ့်မူကို ခဏဘေးဖယ်ထားပြီး သဘာဝအတိုင်း ဖြစ်သင့်ဖြစ်ထိုက်တာကို ဆွေးနွေးနိုင်ရင်တော့ နှစ်ဖက်စလုံး အရှုံးကို မရင်ဆိုင်ရဘဲ အောင်မြင်မှုကို နှစ်ဦးနှစ်ဖက်ရရှိမှာ ဖြစ်ပါတယ်။

“NCA စာချုပ် လက်မှတ်မရေးထိုးသေးတဲ့ ညီနောင်အဖွဲ့အစည်းအချို့နဲ့ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်နေတာဟာ ပြည်ထောင်စုအတွက် ကြီးမားတဲ့ ပြဿနာပဲဖြစ်ပါတယ်။ ပြဿနာအရပ်ရပ်ကို ဖြေရှင်းဖို့ဟာ ငြိမ်းချမ်းရေးက အခရာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပြားရင် ပြဿနာ အမျိုးမျိုးလည်း ပေါ်လာမှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ EAOs တွေနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းကြိုးပမ်းရမှာ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။ 

ယခုကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ တစ်ဆို့နေသည်များကို မည်သည့်နည်းလမ်းကိုရှာဖွေ၍ ကျော်လွှားသွားရမည်ဆိုသည့် အချက်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ဖွဲ့စည်းပုံကို ပြည်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲမှုများကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရမည့် အချက်များသည် အဓိကထားဆွေးနွေးရမည့် အကြောင်းအရာများဖြစ်ကြောင်း PPST ယာယီ အဖွဲ့ခေါင်းဆောင်က ပြောကြားသည်။ 

အစည်းအဝေးတွင် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ အစီရင်ခံစာများ တင်သွင်းဆွေးနွေးခြင်းနှင့် စုဖွဲ့မှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ စတုထ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့နှင့် NCA အကောင်အထည်ဖော်ဖက်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တက်ရောက်ဆွေးနွေးကြပြီး ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည့် ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း (KIO) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့မှလည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ တတိယအကြိမ် အစည်းအဝေး (3rd NCA-S EAO Summit) ကို ၂၀၁၈ စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် လေးရက်ကြာ ကျင်းပခဲ့သည်။ 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..NCA-S-EAO