နေပြည်တော် ၁၄ မေ 

အောင်ပင်လယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၃ ရက် နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းပေါ်တွင် ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ မအိအိသိမ့်၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၇၀၊ ငွေကျပ် ၁၃၅၀ဝ၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့မွန်းတည့် ၁၂ နာရီတွင် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့အဝင်၊ နမ့်ခမ်း-မူဆယ် ကားလမ်းတွင် ရန်ရှီလုံ(ခ)အားလုံ မောင်းနှင်လာသည့် MITSUBISHI CANTER အမျိုးအစား မီးခိုးရောင် (၆)ဘီးမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဆလာအိတ် (၁၁၁)အိတ်ဖြင့် ထည့်ထားသည့် အက်စီတစ်အက်စစ် ၂၇၅၀ ကီလို၊ ပလတ်စတစ်ကော်ပုံး (၆၀)ပုံးဖြင့်ထည့်ထားသည့် အက်စီတစ်အက်စစ် ၉၆၀ လီတာ၊ အပြာရောင်ပလတ်စတစ်ကော်ပုံး (၉၀)ပုံးဖြင့် ထည့်ထားသည့် ဆာဖရိုးလ်အရည် ၁၄၄၀ လီတာနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

ထို့အတူ မွန်းလွဲ ၃ နာရီခွဲတွင် လွိုင်လင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးရှိ စားသောက်ဆိုင်ရှေ့တွင် ခွန်မောင်ထုံး မောင်းနှင်လာသည့် SUCCEED အမျိုးအစား ခဲရောင်မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ဝ၀ဝ၀ တို့ကိုလည်းကောင်း။

အလားတူ မေ ၁၂ ရက် ည ၈ နာရီခွဲက တပ်မတော်မှ သီပေါမြို့နယ်၊ ရေပူကြံခင်းကျေးရွာနေ နိုင်ဝင်း၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၈ ဒသမ ၂၈၈ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁၀  တို့ကိုသိမ်းဆည်းရမိခဲ့ပြီး  ဆက်လက်၍ ရေပူကြံခင်းကျေးရွာနေ မနန်းဆိုင်အောင်၏ နေအိမ်ကိုဝင် ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ဝ နှင့် ဘိန်းဖြူ ၃ ဒသမ ၆၇၂ ဂရမ် တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

MDN