နေပြည်တော် ၁၄ မေ
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ စရဖတပ်စု(၄)မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မူးယစ်အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်သစ်များရှာဖွေ ဖမ်းဆီးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် မေ ၉ ရက်မှ ၁၁ ရက်အတွင်း ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ပန်းပုကွင်းကျေးရွာအုပ်စု သရက်ပင်ကြီးကျေးရွာ အနီးနေရာမှ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ ကြက်ရိုး၊ ကြက်တူရွေး၊ ကတီ၊ တောင်သရက်၊ ကညင်ခွဲသား စုစုပေါင်း ၁၀၆ ဒသမ ၅၂၄၃ တန်နှင့် ပြစ်မှုကျူး လွန်သူတစ်ဦး၊ ဟင်္သတခရိုင် ကြံခင်းမြို့နယ် တလိုင်းကွင်းကျေးရွာအုပ်စုအတွင်းရှိ ဟီးနိုးTE-11 မော်တော်ယာဉ်ပေါ်မှ နဘဲ၊ သပြေ၊ ထောက်ကြန့်၊ သရက်၊ မျောက်ချော၊ ချဉ်ယုတ်၊ သစ်ဆိမ့်၊ ကုတ်ဟဲ၊ ဘင်္ဂ၊ ဇင်ပြွန်းခွဲသား စုစုပေါင်း ၆ ဒသမ ၃၁၅၈ တန်နှင့် ပြစ်မှုကျူးလွန်သူတစ်ဦးနှင့် ပုသိမ်ခရိုင် ပုသိမ်မြို့နယ်အတွင်းရှိ Faw (အပြာရောင်) မော်တော်ယာဉ်ပေါ်မှ ဘောင်ဆန့်ခွဲသား ၁ ဒသမ ဝ၉၁၈ တန်နှင့် ပြစ်မှုကျူးလွန်သူနှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ် မရမ်းချောင်စစ်ဆေး ရေးစခန်းအနီးရှိ HIJET နှင့် Super Custom မော်တော်ယာဉ်နှစ်စီးပေါ်မှ ကျွန်းခွဲသား ၃ ဒသမ ဝ၇၄၀ တန်နှင့် ပြစ်မှုကျူးလွန်သူတစ်ဉီး၊ ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့နယ်အတွင်းရှိ Super Custom မော် တော်ယာဉ်ပေါ်မှ ကျွန်းခွဲသား ၂ ဒသမ ဝ၂၉၂ တန်နှင့် ပြစ်မှုကျူးလွန်သူတစ်ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ/ ယင်းမာပင်ခရိုင် ဘုတလင်မြို့နယ် ရွှေစာရေး ကျေးရွာဆိပ်ကမ်းနေရာရှိ မော်တော်သုံးစင်းပေါ်မှ အင်ခွဲသား ၁ ဒသမ ၃၈၅၀ တန်၊ ပြစ်မှုကျူးလွန်သူတစ်ဉီးနှင့် သစ်ပါးလွှာထုတ် ခန့်မှန်း(၁၀)တန်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တမူးခရိုင် တမူးမြို့နယ်အတွင်းရှိ လှည်းကတုံး သုံးစီးပေါ်မှ ကညင်နှင့် ကျွန်းခွဲသား ၁၂ ဒသမ ဝ၉၂၄ တန်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် လားရှိုးမြို့နယ်အတွင်းရှိ WISH (အဖြူရောင်) မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား ၁ ဒသမ ၁၅၀၈ တန်တို့ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်လူမော်