ရန်ကုန် ၁၄ မေ 

 


ဆဋ္ဌမအကြိမ်မြောက် နိုင်ငံတကာအစားအသောက်နှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ကုန်သွယ်မှုပြပွဲ(၂၀၁၉) ကို ရန်ကုန်မြို့ သာကေတမြို့နယ် ဖော်ကျူးပလာဇာရှိ မြန်မာအိတ်စပိုတွင် ဇွန်လ ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

dfw

 


မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလာနေသော ခရီးသွားလုပ်ငန်းအပေါ်အခြေခံ၍ အစားအစာနှင့် အဖျော်ယမကာ၊ ဟိုတယ်၊ မုန့်ဖုတ်လုပ်ငန်း၊ စားသောက်ဆိုင်နှင့် အစားအစာ ဝန်ဆောင်မှုဆိုင်ရာ ကိရိယာများ၊ ထောက်ကူပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် နိုင်ငံတကာအဆင့်မီစေရန် နောက်ဆုံးပေါ်နည်းလမ်းများ၊ အကြံဉာဏ်များ၊ နည်းပညာများကို ပြသမည်ဖြစ်ကြောင်း သိရသည်။ 

 


“မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ကျွန်မတို့က exhibition Platform ပလက်ဖောင်းတစ်ခု ကို တည်ဆောက်တာပါ။ ရောင်းမယ့်သူတွေလာမယ်၊ ဝယ်မယ့်သူတွေလာမယ်၊ ရောင်းမယ့်သူ ဝယ်မယ့်သူ တွေ့ဆုံကြဖို့အတွက်ကို ရည်ရွယ်ပြီး အခုလိုပြပွဲကို ပြုလုပ်တာဖြစ်ပါတယ်” ဟု ပြပွဲကျင်းပရေးတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ငြိမ်းငြိမ်းအေးက ပြောကြားသည်။

 


အဆိုပါပြပွဲကို ကိုရီးယား၊ စင်ကာပူ၊ အမေရိက၊ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံတကာပြခန်းတွဲ ၅ ခန်းအပြင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ပါဝင်ပြသသူ ၁၀ဝ ကျော်နှင့် နိုင်ငံတကာထိပ်တန်း ကုန်အမှတ်တံဆိပ် ၂၅၀ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အစားအသောက် ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေပွဲများ၊ ဟိုတယ်နှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲများ၊ ကော်ဖီအနုပညာနှင့် ပတ်သက်သောပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 


ပြပွဲသို့ လာရောက်လေ့လာသူများအနေဖြင့် ကော်ဖီနှင့်လက်ဖက်ရည်၊ ဝိုင်နှင့်အဖျော်ယမကာ၊ ဧည့်ခံကြိုဆိုမှုနှင့် လက်လီရောင်းချခြင်း၊ အစားအစာနှင့် အဖျော်ယမကာ၊ ထုတ်ကုန်နှင့် ပါဝင်ပစ္စည်းများအတွက် စက်ပစ္စည်းကိရိယာများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ရှာဖွေခြင်းဖြင့် အတွေးအခေါ်သစ်၊ စီးပွားရေး အခွင့်အလမ်းသစ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 


ထုတ်ကုန်နှင့်ဝန်ဆောင်မှုလုပ်ငန်း ၁၅၀ဝ ကျော်ကို စတုရန်းမီတာ ၆၀ဝ၀ ကျော်အကျယ်အဝန်းရှိသည့် မြန်မာအိတ်စပိုအတွင်း ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။

 


ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း