တပ်ကုန်း ၁၄ မေ 

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ယနေ့နံနက်ပိုင်းက တောင်ငူမြို့မှ တပ်ကုန်းမြို့သို့ ပင့်ဆောင် အပူဇော်ခံသည်။

 

33

 

စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမိုးမခနှင့် ဦးအေးမင်းဝင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များက ပင့်ဆောင်၍ တောင်ငူမြို့ကို လှည့်လည်အပူဇော်ခံကာ သမိုင်းဝင် မြစည်းခုံစေတီတော်မြတ်ကြီးနှင့် မဟာမုနိကေလ ဇာတီဘုရားကြီးတို့၌ ရင်ငွေ့လှုံသည်။

 

22


ထို့နောက် တောင်ငူမြို့မှတဆင့် ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေဦး၊ သာဝတ္ထိ၊ ဇေယျာသီရိမြို့များ ဖြတ်သန်း၍ ပင့်ဆောင်အပူဇော်ခံရာ လမ်းတလျောက်တွင် ဌာနဆိုင်ရာများ၊ ဘာသာရေး လူမှုရေးအသင်းအဖွဲ့များ၊ မြို့သူမြို့သားများ၊ ကျေးရွာနေပြည်သူများက ဖူးမြော်ကြည်ညိုကြပြီး စေတီတော်တည်ထားကိုးကွယ်ရေး အလှူငွေများလှူဒါန်းကြသည်။ 

ယင်းနောက် ညနေ ၆ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့သို့ ရောက်ရှိရာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြိုဖများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားကျေင်းသူများနှင့် ဒေသခံပြည်သူများက ဖူးမြော်ကြိုဆို၍ အပူဇော်ခံထားရှိမည့် တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြု ဗိမာန်တော်ရှေ့ရှိ မင်္ဂလာမဏ္ဍပ်သို့  ပင့်ဆောင်ပူဇော်ကြသည်။

ည ၇ နာရီခွဲတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ငြိမ်းချမ်းရေးတရားတော်ကို တပ်ကုန်းမြို့ အောင်ဆန်းခန်းမ၌ ဟောကြားချီးမြှင့်ရာ တရားချစ်ခင် သူတော်စင် အပေါင်းတို့က တရားတော်ကို ရိုသေစွာ နာယူကြည်ညိုကြသည်။ တရားပွဲအပြီးတွင် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ 

(ဟန်လင်းနိုင်)