မေ ၁၄

ပါပူဝါနယူးဂီနီနိုင်ငံတွင် မေ ၁၄ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၅၈ မိနစ်တွင် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

ဟာဝိုင်ယီရှိ ပစိဖိတ်ဆူနာမီ သတိပေးစင်တာ၏ ထုတ်ပြန်ချက်အရ ပင်လယ်ကြမ်းမြင်အောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ရှားသွားခြင်းဖြစ်ကြောင်းနှင့် နောက်ထပ် နာရီအနည်းငယ်အတွင်း ပင်လယ်ရေ မျက်နှာပြင် အတက်အကျ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း သိရသည်။

အစောပိုင်းထုတ်ပြန်ချက်အရ နိုင်ငံ၏ ကမ်းရိုးတမ်းဒေသများတွင် ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်လာနိုင်ချေရှိကြောင်းနှင့် ငလျင်အရှိန်ကြောင့် အင်ဒိုနီးရှား၊ ဂျပန်၊ ဖိလစ်ပိုင်နှင့် ပစိဖိတ်ဒေသ နိုင်ငံများတွင်လည်း ဆူနာမီ ရေလှိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။

ငလျင်ဗဟိုချက်မကနေ ၅၀ ကီလိုမိတာအကွာတွင်ရှိသည့် Kokopo ဟိုတယ်မှ ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ ငလျင်လှုပ်ခတ်မှုပြင်းထန်ကြောင်း သိရသည်။ အာဏာပိုင်များကလည်း ဆူနာမီရေလှိုင်း အန္တရာယ်ရှိသည့် ကမ်းရိုးတန်းဒေသများမှ နေထိုင်သူများကို ပြောင်းရွှေ့နေထိုင်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ပါပူဝါနယူးဂီနီတွင် အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ရာ လူတစ်ရာကျော် သေဆုံးခဲ့ရသည်။

SMZaw(MDN)

Source> NHK