နေပြည်တော် ၁၅ မေ

မြတ်ဗုဒ္ဓသည် ဤဘဒ္ဒကမ္ဘာမှ ပြန်လည်ရေတွက်လျှင် လောကလူသားများ ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းရေးအတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာ ဘဝများစွာ သံသရာဝယ် ကျင်လည်ရစဉ်အခါက ဒါန၊ သီလ စသော ပါရမီဆယ်ပါး၊ အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ခဲ့ပြီး ဗောဓိမဏ္ဍိုင်ဝယ် (လောက၏အမှန်တရား) သစ္စာလေးပါး တရားဥဿုံ အလုံးစုံတို့ကို ကိုယ်တော်တိုင် ထိုးထွင်း၍သိမြင်တော်မူပြီး သဗ္ဗညုတဉာဏ်တော်သခင် ဘုရားရှင်ဖြစ်တော်မူခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၆၀ဝ ကျော်က အတုမရှိ ဘုရားရှင်ဖြစ်တော်မူခဲ့သော မြတ်ဗုဒ္ဓသည် ၄၅ ဝါ ကာလပတ်လုံး လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အားလုံးတို့ ကောင်းသောအကျိုးစီးပွားများ တိုးပွားရန်နှင့် ဒုက္ခဆင်းရဲအပေါင်းမှ လွတ်ကင်းရာ မြတ်နိဗ္ဗာန်သို့ ရောက်နိုင်စေရေး လမ်းမှန်ညွှန်ပြ တော်မူခဲ့သည်။ လူ့ဘဝသည် ရခဲပေသည်။ ၃၁ ဘုံတွင် ကျင်လည်နေကြကုန်သော ဝေနေယျအပေါင်းတို့တွင် အဆိုးချည်းသာကြုံသည့် အပါယ်လေးဘုံ၌ ကောင်းမှုကုသိုလ်များ မပြုလုပ်နိုင်။ အကောင်းချည်းသာ ကြုံသည့်အထက်ဘုံ၌ ကောင်းမှုပြုလုပ်ရန် မေ့လျော့ပြန်သည်။ လူ့ဘဝသည်ကောင်းဆိုးနှစ်တန် ဒွန်တွဲနေသဖြင့် မိမိတို့၏အသိဉာဏ်နှင့်ယှဉ်ကာ ကောင်းမှုကုသိုလ်တို့ကို ဖြည့်ဆည်းပြီး သံသရာမှ လွတ်မြောက်အောင် ကြိုးပမ်းအားထုတ်နိုင်ကြသည်။

ထို့ကြောင့် လူ့ဘဝသည် ရခဲသည်ဟု ဘုရားရှင်ဟောကြားတော်မူသည်။ ထိုသို့ ရခဲလှသော ထူးကဲသည့် လူ့ဘဝကိုရခဲ့ကြ၍ ဘုရားသာသနာတော်နှင့်လည်း ကြုံတွေ့ရပြီး ဘုရားရှင် ဟောကြားတော်မူသော တရားတော်တို့ကို ကြားနာခွင့်ရသည့် ရခဲလှသော လူ့ဘဝအခိုက်အတန့်တွင် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမနည်းလမ်းများကို အမြဲမပြတ် လိုက်နာကျင့်သုံးခြင်းဖြင့် ကောင်းကျိုးချမ်းသာများနှင့် အေးချမ်းသာယာသော ဘဝများကိုတည်ဆောက်သင့်သည်။

 ဗုဒ္ဓအဆုံးအမနှင့် လမ်းစဉ်များသည် သတ္တဝါအားလုံးတို့အပေါ်တွင် မေတ္တာတရားထား၍ ကောင်းမှုကုသိုလ်များ ပွားများဆည်းပူး အားထုတ်ကြပြီး ဒုက္ခဆင်းရဲအပေါင်းမှ ကင်းလွတ်ရာ မြတ်နိဗ္ဗာန်သို့ တက်လှမ်းရန်ဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် အမုန်းတရားများဖြင့် ဒုစရိုက်မှု၊ အကြမ်းဖက်မှု၊ ရက်စက်မှု စသည့်အနိဋ္ဌာရုံများ များပြားလာသည့်အချိန်တွင် မြတ်ဗုဒ္ဓ၏ အဆုံးအမများဖြစ်သည့် သည်းခံခြင်းတရားနှင့် မေတ္တာတရားတို့သည် အထိရောက်ဆုံးဖြစ်သည်ကို ကမ္ဘာ့လူသားများ နားလည်လက်ခံလာကြသည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာတရားကို လက်ကိုင်ထားပြီး ငြိမ်းချမ်းစွာနှင့် သဟဇာတမျှတစွာ နေထိုင်ရေးကို ဦးတည်သည့်  ဗုဒ္ဓနေ့အခမ်းအနားကို ကုလသမဂ္ဂအဖွဲ့ကြီးက ဦးဆောင်ကာ နှစ်စဉ်ကျင်းပလာခဲ့သည်။

အဆိုပါ ဗုဒ္ဓနေ့အခမ်းအနားသို့ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံမှ နိုင်ငံတော်သမ္မတကြီး တက်ရောက်၍ မိန့်ခွန်းပြောကြားခွင့်ရသည်မှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။  ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြည်ညိုကြခြင်းသည် ချစ်ခြင်းမေတ္တာတရား ပွားများခြင်းမှတစ်ဆင့် ကမ္ဘာတစ်ဝန်းလုံး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးတို့ကို ဖန်တီးဖော်ဆောင်နိုင်ရန် စုပေါင်းအင်အားဖြင့် ကြိုးပမ်းကြမည်ဟူသည့် ကတိကဝတ်များကို ထင်ဟပ်ဖော်ပြနေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာ့ဗုဒ္ဓနေ့ အခမ်းအနားများမှတစ်ဆင့် မတူကွဲပြားသည့် ယဉ်ကျေးမှုများ၊ ဘာသာတရားများနှင့် လူမှုအဖွဲ့အစည်းများတွင်ရှိသည့် ပြည်သူပြည်သားများအကြား မေတ္တာတရားများတိုးပွားကာ အပြန်အလှန်နားလည်မှုကို မြှင့်တင်ရေးနှင့် ငြိမ်းချမ်းမှုကို မြတ်နိုးသည့် ယဉ်ကျေးမှု စိတ်ဓာတ်အခြေခံများကို ပြန်လည်နှိုးဆွဖန်တီးပေးနိုင်ရေးအတွက် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

ကြေးမုံ