အရှင်ဓမ္မဒဿီ
ဗုဒ္ဓမြတ်စွာသာသနာတော်သည် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဒသာသနာဟု သုံးမျိုးရှိသည်။ ဘုရားရှင်ဟောကြားတော်မူခဲ့သော ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သည် လေ့လာသင်ယူအပ်သော စာပေများဖြစ်၍ ပရိယတ္တိသာသနာဟု ခေါ်သည်။
ဘုရားရှင်ဟောကြားအပ်သော ရဟန်းသာမဏေ ဒါယကာ ဒါယိကာမတို့ လိုက်နာကျင့်သုံးအပ်သည့် ဒါန၊ သီလ၊ သမာဓိ၊ ပညာစသော ကျင့်စဉ်တရားများကို ပဋိပတ္တိသာသနာ ဟု ခေါ်သည်။
ထိုသီလ၊ သမာဓိ၊ ပညာတရားတို့ကို ကြိုးစားကျင့်ကြံ အားထုတ်သဖြင့် သိမြင်အပ်သော မဂ်ဖိုလ်နိဗ္ဗာန်တရားတို့ကို ပဋိဝေဒသာသနာဟု ခေါ်သည်။
ပရိယတ္တိသည် အရေးကြီး
စာပေပျောက်လျှင် လူမျိုးပျောက်မည်ဟူသကဲ့သို့ ဟောတော်မူသော တရားတော်များ ကွယ်ပျောက်လျှင် သာသနာ ကွယ်ပျောက်မည်ဖြစ်၏။ စာပေသည် လူမျိုး၏ အသက်ဖြစ်သကဲ့သို့ ပရိယတ္တိသာသနာဟု ဆိုအပ်သော စာပေသည်လည်း သာသနာတော်၏ အသက်ဖြစ်၏။ ပရိယတ္တိသာသနာဟူသော စာပေတို့ကို သင်ယူမှုနှင့် ထိုပရိယတ္တိစာပေတို့ကို ထူးထူးချွန်ချွန် တတ်မြောက်မှုတို့သည် သာသနာတော်အတွက် အရေးကြီးလှပေသည်။
ပရိယတ္တိသာသနာသည် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟု သုံးမျိုးရှိပြန်သည်။ ဝိနည်းသည် ရဟန်းသာမဏေတို့ လိုက်နာ စောင့်ထိန်းရသည့် စည်းမျဉ်းစည်းကမ်းများဖြစ်သည်။ သုတ္တန်သည် ကျင့်နည်း၊ ကြံနည်း၊ အားထုတ်နည်းနှင့် လောက၊ ဓမ္မသဘာဝတို့ကို ယထာဘူတကျကျ ကျင့်သုံးတတ်ဖို့ညွှန်ပြသည့် နည်းလမ်းများဖြစ်သည်။ အဘိဓမ္မာသည် လောကဟု ဆိုအပ်သည့် ခန္ဓာ၏ သဘောကို အသေးစိတ်ဖော်ပြသည့် ဟောကြားချက်များဖြစ်သည်။ အကြောင်းတရားတို့ကြောင့် အကျိုးတရားတို့ ဖြစ်ကြရပုံ၊ ဖြစ်ပေါ်နေသော လောကရေးရာ မှန်သမျှ အကြောင်းတရားတို့ကြောင့် ဖြစ်ပုံ၊ ရုပ်+နာမ်တရား တို့သည် ဖန်ဆင်းသူမရှိဘဲ အကြောင်းတရားများ တိုက်ဆိုင် ညီညွတ်ပါက ဖြစ်ပေါ်လာပြီး အချိန်တန်က ချုပ်ပျောက်ကြပုံ၊ အကြောင်းနှင့် အကျိုးဆက်သွယ်ပြီး ဖြစ်နေပုံတို့ကိုညွှန်ပြ ထားသည့် ဒေသနာများဖြစ်သည်။
ထိုသို့ စည်းကမ်း၊ နည်းလမ်း၊ အခြေခံသဘောတရားတို့ကို ဖော်ပြထားသောကြောင့် ပိဋကတ်သုံးပုံဟု ဆိုအပ်သော ပရိယတ္တိ သာသနာသည် အရေးကြီးဆုံးဖြစ်သည်။
ဗုဒ္ဓစာပေတို့၌ ပရိယတ္တိသာသနာ အရေးကြီးပုံကို ဥပမာများစွာဖြင့် ပြထားလေသည်။ နေရောင်ကွယ်ပျောက်က လောကသားတို့ အမှောင်ရောက်ကြရသကဲ့သို့ သုတ္တန်၊ အဘိဓမ္မာ၊ ဝိနည်းတရားတို့ ကွယ်ပျောက်လျှင် လောကကြီးသည်လည်း (စစ်မှန်သော ဓမ္မအလင်းရောင် မရှိသဖြင့်) အကြောင်းမှန် အကျိုးမှန်တို့ကို မသိကြရတော့ဘဲ အမိုက်အမှောင်ကြီးသဖွယ် ဖြစ်ရတော့သည်ဟု လည်းကောင်း၊ ပဋိပတ္တိ (အကျင့်) တရားတို့ကို အားထုတ်သူ မည်မျှ များပြားသော်လည်း ပရိယတ္တိ (စာပေ) မရှိခဲ့သော် သာသနာ မျိုးဆက်သည် ကြာရှည် လေးမြင့်စွာ မတည်နိုင်ဟု လည်းကောင်း။
ရေရှိမှ ကြာပွင့်နိုင်သည်။ ရေမရှိလျှင် ကြာမရှိနိုင်။ ရေတည်တံ့အောင် ကန်ပေါင်ခိုင်ခံ့ဖို့ လိုအပ်သည်။ ကန်ပေါင် ခိုင်ခံ့မှ ရေတည်နိုင်ပြီး ကြာပွင့်နိုင်သည်။ ထို့အတူ ပရိယတ္တိ စာပေဝိုင်းသည် ရေကန်နှင့်တူသည်။ ပဋိပတ္တိအကျင့်သည် ရေနှင့်တူသည်။ ပဋိဝေဒ(မဂ်ဖိုလ်နိဗ္ဗာန်)သည် ကြာနှင့်တူသည်။ ရေကန်ပေါင်ခိုင်ခံ့မှ ရေတည်နိုင်သကဲ့သို့ ပရိယတ္တိသာသနာ အားကောင်းမှ ပဋိပတ္တိ သာသနာရှိနိုင်သည်။ ကျင့်ကြံအားထုတ် မှု (ပဋိပတ္တိ)ရှိမှ ထိုးထွင်းသိမြင်အပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်သည်ဟု လည်းကောင်း။
ပရိယတ္တိ(စာပေ)သည် သာသနာတော်၏ ရေသောက်မြစ် ဖြစ်သောကြောင့် ပရိယတ္တိ(စာပေ)ကို အားပေးခြင်းသည် သာသနာတော်သုံးရပ်လုံးကို အားပေးခြင်း၊ ထိန်းသိမ်းစောင့် ရှောက်ခြင်းမည်၏ ဟုလည်းကောင်း ပြဆိုထားပေသည်။
မြန်မာနိုင်ငံ ပရိယတ္တိစာမေးပွဲများ
ထိုသို့ ပရိယတ္တိ သာသနာတော်အရေးကြီးကြောင်း ပြဆိုချက်အရ မြန်မာနိုင်ငံတော်အတွင်းရှိ ထေရဝါဒဘာသာ ခေါင်းဆောင် ဆရာတော်များနှင့် ဒါယကာ ဒါယိကာမတို့သည် သာသနာထွန်းကားရန် အားပေးစောင့်ရှောက် ချီးမြှောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ ပရိယတ္တိစာမေးပွဲတို့တွင် ပထမပြန်စာမေးပွဲသည် သက်တမ်း အရှည်ဆုံးဖြစ်သည်။ ညောင်ရမ်းခေတ်တွင် ပေါ်ထွန်းခဲ့သော သာလွန်မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၁၀ဝ၀ ပြည့်နှစ် (ခရစ်နှစ် ၁၆၃၈ ခန့်) တွင် ပထမပြန်စာမေးပွဲကို စတင်ကျင်းပခဲ့သည်။ ရဟန်းသာမဏေများသာမက မင်းညီမင်းသားများပါ ပါဝင်ပြန်ဆိုခဲ့ကြသည်။
သာလွန်မင်းတရားကြီး လက်ထက်မှစ၍ ကျင်းပခဲ့သော ပထမပြန်စာမေးပွဲသည် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်သည့် ၁၂၄၇ ခုနှစ် (ခရစ်နှစ် ၁၈၈၅ ) မှစ၍ ရပ်ဆိုင်းသွားခဲ့သည်။
ဗုဓ္ဒသာသနာကို အားမပေးသော နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ လက်အောက်တွင် ဗုဓ္ဒသာသနာတော် မမှေးမှိန်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုပေါင်းဆောင်ရွက်ကြသည့်အပြင် အင်္ဂလိပ် အစိုးရကိုလည်း ပထမပြန်စာမေးပွဲ ကျင်းပရန် တိုက်တွန်း တောင်းဆိုခဲ့ကြသည်။
ခေတ်အခြေအနေကို နားလည်သော အင်္ဂလိပ်အစိုးရသည် ပထမပြန်ကော်မတီကို ဖွဲ့စည်းပြီး စာမေးပွဲကျင်းပရေးအတွက် နည်းလမ်းများ ရှာဖွေတင်ပြစေသည်။ ပါဠိစာပေကို တစ်မျိုးတစ်မည် ပြုပြင်ပြောင်းလဲပြီး သင်ကြားရန်ဟူသော ပညာမင်းကြီး ဂျွန်ဗင်ဆန်မရမ်ပုတ်၏ အကြံပြုချက်ကို လက်မခံဘဲ ရှေးမြန်မာမင်းများလက်ထက်က သင်ရိုးအတိုင်းပြဋ္ဌာန်းရန် သတ်မှတ်ပြီး ၁၂၅၇ ခုနှစ်(ခရစ်နှစ် ၁၈၉၅) တွင် ပထမပြန် စာမေးပွဲကို အင်္ဂလိပ်အစိုးရက ပြန်လည်ကျင်းပခဲ့သည်။ စတင်ကျင်းပသည့်နှစ်က ပထမငယ်တန်း၊ ပထမလတ်တန်း နှစ်တန်းသာ ကျင်းပပြီး နောက်နှစ်တွင်မူ ပထမကြီးတန်းကို ကျင်းပခဲ့သည်။
မန္တလေး ပရိယတ္တိသာသနာဟိတ အသင်း
အင်္ဂလိပ်အစိုးရက ဝတ်ကျေတမ်းကျေမျှလောက်သာ ပရိယတ္တိသာသနာကို အားပေးနေသည်ကို အားရကျေနပ်ခြင်း မရှိကြသော ပွဲစားကြီး ဦးထွန်းစသော ဒါယကာကြီးများသည် ပရိယတ္တိသာသနာတော်ကို အားပေးစောင့်ရှောက်ရန်အတွက် ပရိယတ္တိသာသနာဟိတ (သကျသီဟ) အသင်းကြီးကို ၁၂၆၀ ပြည့်နှစ် (ခရစ်နှစ် ၁၈၉၈) တွင် တည်ထောင်ပြီး မြန်မာနိုင်ငံ ပရိယတ္တိစာပေလောကတွင် နာမည်အကြီးဆုံးဖြစ်သော သကျသီဟစာမေးပွဲကြီးကို ၁၂၆၅ ခုနှစ် (ခရစ်နှစ် ၁၉၀၃) တွင် စတင်ကျင်းပခဲ့သည်။ ထိုစာမေးပွဲ စာချတန်းအောင်သော ပုဂ္ဂိုလ်များကို အဘိဝံသဘွဲ့ ကပ်လှူသည်။
ရန်ကုန် ဝေတိယင်္ဂဏစာမေးပွဲ
မြန်မာနိုင်ငံတွင် နာမည်အကြီးဆုံး စာမေးပွဲတစ်ခုဖြစ်သော ဝေတိယင်္ဂဏစာမေးပွဲကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ကုန်းတော်၌ တည်ရှိသော ဝေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ အသင်းကြီးက ကျင်းပပြီး စာချတန်းအောင်မြင်ကြသော ပုဂ္ဂိုလ်များအား အဘိဝံသ ဓမ္မာစရိယဘွဲ့ ကပ်လှူသည်။
ယင်း ဝေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟအသင်းကို ၁၂၆၅ ခုနှစ်(ခရစ်နှစ် ၁၉၀၃)တွင် တည်ထောင်၍ ဝေတိယင်္ဂဏ စာမေးပွဲကို ၁၂၈၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၁၈) တွင်မှ ကျင်းပ နိုင်ခဲ့သည်။
တိပိဋကဓရစာမေးပွဲ
နိုင်ငံတော်အစိုးရက လွတ်လပ်ရေးရပြီး တစ်နှစ်အကြာ ၁၃၁၀ ခုနှစ်(ခရစ်နှစ် ၁၉၄၈)တွင် တိပိဋကဓရ ရွေးချယ်စာမေးပွဲကြီးကို စတင်ကျင်းပခဲ့သည်။ ပိဋကတ်သုံးပုံဆောင် ပုဂ္ဂိုလ်များ ပေါ်ထွက်ရေးနှင့် ဆဋ္ဌသံဂါယနာတင်ပွဲကြီး ကျင်းပနိုင်ရေးအတွက် ပိဋကတ်သုံးပုံအနက် ဝိနည်းပါဋကအကုန်၊ အဘိဓမ္မာ ပိဋကအကုန်နှင့် သုတ္တန်ပိဋကထဲမှ ဒီဃာနိကာယ်သုံးကျမ်းတို့ကို ပြဋ္ဌာန်းပြီး အာဂုံနှင့် သဘောရေးဖြေ နှစ်ဌာနခွဲ၍ ကျင်းပသည်။ အာဂုံအောင်ပြီးသော ကျမ်းကိုသာ သဘောရေးဖြေ ဖြေဆိုခွင့်ပြုသည်။
ပြဋ္ဌာန်းကျမ်းစာ အုပ်ရေ ၂၀၊ စာမျက်နှာပေါင်း ဆိုက်ကြီး ဖြင့် ၇၉၈၀ မျက်နှာကို အာဂုံပြန်ဆိုနိုင်သော ပုဂ္ဂိုလ်များကို တိပိဋကဓရဘွဲ့ ကပ်လှူသည်။ သဘောရေးဖြေပါ အောင်မှသာ တိပိဋကကောဝိဒ (တိပိဋကဓရ တိပိဋကကောဝိဒ) ဘွဲ့ကပ်လှူသည်။
အခြား အခြားသော စာမေးပွဲများ
သာသနာတော်သုံးရပ်တွင် အခြေခံအကျဆုံးဖြစ်၍ အလွန့်အလွန် အရေးပါသော ပရိယတ္တိ သာသနာတော်ကို အားပေးစောင့်ရှောက်သောအားဖြင့် ဖော်ပြပြီး စာမေးပွဲများအပြင် မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးအချို့တို့တွင်လည်း ပရိယတ္တိစာမေးပွဲများ ကျင်းပ၍ အားပေးပူဇော်ခဲ့ကြသည်။
သက်တမ်းရှည် စာမေးပွဲများမှာ ၁၂၈၂ ခုနှစ် (ခရစ်နှစ် ၁၉၂၀) မှ စတင်၍ ကျင်းပခဲ့သော ညောင်ကုန်းမြို့ သုဓမ္မာ ပရိယတ္တိစာမေးပွဲ၊ ၁၂၈၄ ခုနှစ် (ခရစ်နှစ် ၁၉၂၂) မှစ၍ ကျင်းပခဲ့သော သထုံမြို့ သုဝ္ဏဘူမိ ပရိယတ္တိသာသနဟိတ အသင်းစာမေးပွဲ၊ ၁၂၉၂ ခုနှစ် (ခရစ်နှစ် ၁၉၃၀)မှစ၍ ကျင်းပ ခဲ့သော မော်လမြိုင်မြို့ ပရိယတ္တိ သဒ္ဒမ္မပါလအသင်း စာမေးပွဲတို့ ဖြစ်သည်။
ပရိယတ္တိ ပညာရည်ချွန်ဆုနှင်းပူဇော်ရေးအဖွဲ့
မြန်မာနိုင်ငံသည် ထေရဝါဒဗုဓ္ဒသာသနာ၌ ရှေ့ဆောင်နိုင်ငံ ဖြစ်၏။ မြန်မာ ရဟန်းသံဃာတော်များ၏ ပရိယတ္တိအရည်အသွေးကို အခြားနိုင်ငံများက ပုဂ္ဂိုလ်များ လိုက်မမီပေ။ ပရိယတ္တိနှင့် စပ်လျဉ်းလာလျှင် မြန်မာရဟန်းတော်များ ထဲထဲဝင်ဝင် ကျကျနန တတ်မြောက်ကျွမ်းကျင်သည်ကို အခြားနိုင်ငံများရှိ ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်ပညာရှင်များက အသိအမှတ်ပြုကြသည်။
ပဋိပတ္တိ(ကမ္မဋ္ဌာန်း) အရာတွင်လည်း မြန်မာနိုင်ငံသည် ရှေ့ဆောင်နိုင်ငံဖြစ်သည်။ ပဋိပတ္တိသာသနာနယ်ပယ်တွင် လယ်တီ ဆရာတော်၊ မင်းကွန်းဇေတဝန်ဆရာတော်၊ မဟာစည် ဆရာတော်၊ မိုးကုတ်ဆရာတော်၊ ရွှေဥမင်ဆရာတော်၊ ရွှေတောင် ကုန်းဆရာတော်၊ ချမ်းမြေ့ဆရာတော်၊ ဖားအောက်ဆရာတော် စသော ပဋိပတ္တိသာသနာပြုဆရာတော်ကြီးများနှင့် အနာဂါမ် ဆရာသက်ကြီး၊ ငွေစာရင်းမင်းကြီး ဦးဘခင်၊ ဆရာကြီးဂိုအင်ကာ တို့သည် ကမ္ဘာကသိသော ကမ္မဋ္ဌာန်းပြဆရာကြီးများ ဖြစ်ကြသည်။
ပဋိပတ္တိသာသနာအရာတွင် မြန်မာနိုင်ငံက ရှေ့ဆောင်ရှေ့ ရွက်ဖြစ်ရခြင်းမှာလည်း ပရိယတ္တိသာသနာ ခိုင်မာအားကောင်းသောကြောင့် ဖြစ်သည်။ မှန်ပေသည်။
ပရိယတ္တိ (ပိဋကတ်သုံးပုံ) ထဲ၌ ပဋိပတ္တိ (ကျင့်နည်း၊ ကြံနည်း၊ အားထုတ်နည်း) တို့သည် ခိုင်ခိုင်မာမာ ပြည့်ပြည့်စုံစုံရှိကြသည်။ ပရိယတ္တိကျွမ်းကျင်သော ဆရာတော်ကြီးများသာ ကျင့်ကြံ အားထုတ်နည်း အမှန် (ပဋိပတ္တိ) ကို သိနိုင်ကြသည်။ ပရိယတ္တိမကျွမ်းကျင်သော ပုဂ္ဂိုလ်များသည် ထိုကျင့်ကြံ အားထုတ်နည်းအမှန်ကို သိမြင်နိုင်မည်မဟုတ်ပေ။ ကျင့်ကြံအား ထုတ်နည်း (ပဋိပတ္တိ)မမှန်ကန်လျှင် (သို့မဟုတ်)မပြည့်စုံလျှင် ဝိပဿနဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရမည် မဟုတ်ပေ။
ထို့ကြောင့် ပရိယတ္တိစာပေကျမ်းဂန်တို့ကို ထဲထဲဝင်ဝင် မှန်မှန်ကန်ကန် သိဖို့အရေးကြီးပေသည်။ ပရိယတ္တိ သာသနာတော်သည် သာသနာတော်၏ ပင်မ ရေသောက်မြစ်ဖြစ်သောကြောင့် ပရိယတ္တိသာသနာထွန်းကားရေးကို အားပေးခြင်းသည် သာသနာနှင့် ပညာနှစ်မျိုးလုံးကို အားပေးခြင်းဖြစ်သောကြောင့် သာသနာနှင့် ပညာကို ထာဝရ အားပေးပူဇော်လိုကြသော ဒါယကာအချို့က မန္တလေးမြို့ အဝေရာ ရာမရန်ကင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသြဒါ က သီရိဘိဝံသထံ သြဝါဒခံယူကြရာ ဆရာတော်က မြန်မာနိုင်ငံတော်တွင် ကျင်းပနေသော ထိပ်တန်းစာမေးပွဲများကို ထူးထူးကဲကဲ အောင်မြင်ကြသော သံဃာတော်များအား ထူးထူးခြားခြား ပူဇော်သင့်ကြောင်း သင်ကြားတော်မူပါသည်။
ထိုလမ်းညွှန်မိန့်ကြားချက်အရ ၁၃၇၉-၁၃၈၀ ပညာသင် နှစ် (၂၀၁၈ ခုနှစ်) စ၍ တိပိဋကဓရစာမေးပွဲ၊ ဓမ္မာစရိယစာမေးပွဲ၊ ပထမပြန်စာမေးပွဲ၊ မန္တလေး ပရိယတ္တိ သာသနဟိတ (သကျ သီဟ) စာမေးပွဲ၊ ရန်ကုန် ဝေတိယင်္ဂဏ စာမေးပွဲတို့တွင် တစ်ပြည်လုံး အမှတ်အများဆုံးဖြင့် ပထမရ၍ အောင်မြင်ကြသော အရှင်မြတ်တို့ကို ပရိယတ္တိပညာရည်ချွန်ဆုနှင်းပူဇော်ပွဲ ကျင်းပ၍ ထူးထူးခြားခြား ပူဇော်သွားမည်ဖြစ်ကြောင်း သိရရာ လွန်စွာ ဝမ်းမြောက်ရပါသည်။
ပထမအကြိမ်ကျင်းပသော ပရိယတ္တိပညာရည်ချွန် ဆုနှင်းသဘင်၌ မန္တလေး သကျသီဟစာမေးပွဲ စာချတန်းနှင့် စာသင်တန်း၊ ရန်ကုန် စေတိယင်္ဂဏစာမေးပွဲ စာချတန်းနှင့် စာသင်တန်းတို့၌ ပထမရ အောင်မြင်သော အရှင်မြတ်လေးပါးနှင့် ဓမ္မာ စရိယစာမေးပွဲ တစ်ပြည်လုံး ပထမ “အဂ္ဂမဟာအကျော်” ဘွဲ့ရတစ်ပါး၊ ပထမကြီးတန်း တစ်ပြည်လုံးပထမ “ပထမကျော်” ဘွဲ့ရတစ်ပါး ပေါင်း ခြောက်ပါးတို့ကို ၁၃၈၁ ခုနှစ် ကဆုန်လပြည့် ကျော် ၁ ရက် (၁၉-၅-၂၀၁၉) တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ ရှစ်မိုင် မစိုးရိမ်ရွှေကျင်တိုက်၌ ပညာရည်ချွန်ဆုများ အပ်နှင်းမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မြန်မာ့အလင်း