မသက်မွန်

ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ သုံးနေရာကို ပြပါဆိုရင်မြန်မာနိုင်ငံ ပုဂံဒေသက ရှေးဟောင်းဘုရားပုထိုးတွေရယ်၊ ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မှာရှိတဲ့ အန်ကော ဝပ်ကျောင်းတော်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာဗား အလယ်ပိုင်း ဂျော့ဂျကာတာက ဗောရောဗုဓု ရှေးဟောင်း ဗုဒ္ဓကျောင်းတော်ကြီးတို့ပဲ ဖြစ်ပါတယ်။

ဂျော့ဂျကာတာ (Yogyakarta) (သို့မဟုတ်) ဂျော့ဂျာ ( Jogja ) လို့လည်းခေါ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားအလယ်ပိုင်းက မြို့လေးကို အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သွားရောက်လည်ပတ်ခွင့် Familiarization Trip 2019 ဆိုတဲ့ခေါင်းစဉ်အရ အင်ဒိုချိုင်းနားဒေသ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က ဟိုတယ်ခရီးလုပ်ငန်းရှင်တွေနဲ့ မီဒီယာတွေကို ခရီးသွားလာရေး ဈေးကွက်မြှင့်တင်တဲ့ အနေနဲ့ ချစ်ကြည်ရေးခရီးစဉ် ဖိတ်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ မီဒီယာအနေနဲ့ လိုက်ပါခွင့်ရခဲ့တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံက ဘာသာရေး အဆောက်အအုံတွေနဲ့ ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရခဲ့ပါတယ်။

ဂျော့ဂျာသို့ အသွား၊ အပြန် ငါးရက်ကြာခရီးစဉ်မှာ အဲဒီမြို့က အထင်ကရ နေရာတွေဖြစ်တဲ့ ဗောရောဗုဓု ရှေးဟောင်းဗုဒ္ဓကျောင်းတော်၊ ပရာဘန်နန် ဟိန္ဒူဘုရား ကျောင်း၊ ဆူလ်တန်ဘုရင်ရဲ့ နန်းတော်၊ မရာပီမီးတောင်နဲ့ ပါတိတ်အထည်လုပ်ငန်းတွေဆီ လည်ပတ်လေ့လာခဲ့ကြပါတယ်။

 

mdn

 

ဗောရောဗုဓုကျောင်းတော်

ကမ္ဘာကျော် ဗုဒ္ဓဘာသာ ရှေးဟောင်းကျောင်းတော်ကြီးဖြစ်တဲ့ ဗောရောဗုဓု (Borobudur) ကို ကိုးရာစုက တည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဘာသာရေး အဆောက်အအုံများအနက် တစ်ခုအပါအဝင် မဟာယန ဗုဒ္ဓဘာသာကျောင်းတော်ကြီး ဖြစ်ပါတယ်။ ယင်းအဆောက်အအုံကြီးကို ရုပ်ကြွများရှိတဲ့ အကွက်ပေါင်း ၂၆၇၂ ခုနဲ့ဗုဒ္ဓဆင်းတု ၅၀၄ ဆူတို့နဲ့အတူ အလှဆင်ထားတာကို တွေ့ရပါတယ်။ အဆောက်အအုံအလယ် အမိုးခုံး ပတ်လည်ရှိ အပေါက်များမှာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ၇၂ ဆူ ရှိပါတယ်

ဗောရောဗုဓုကို ဆေးလင်ဒြာမင်းဆက် အေဒီကိုးရာစုမှာ ဂျာဗားဗုဒ္ဓဘာသာပုံစံအတိုင်း တည်ဆောက်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားဒေသခံတွေ ဘိုးဘွားစဉ်ဆက် ရှိခိုးပူဇော်ခဲ့တဲ့ ယုံကြည်ကိုးကွယ်မှုတွေနဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ နိဗ္ဗာန်စံဝင်မှုတို့ကို ရောယှက် ပုံဖော်ထားတာဖြစ်ကြောင်း သိရပါတယ်။ ဗောရောဗုဓုကို ၁၉၇၅ ခုနှစ်နဲ့ ၁၉၈၂ ခုနှစ်မှာ အင်ဒိုနီးရှားအစိုးရနဲ့ ယူနက်စကိုအဖွဲ့တို့ ပူးပေါင်းပြီး အကြီးစား ပြင်ဆင်မွမ်းမံမှုတွေကို ပြုလုပ်ခဲ့ကြောင်းလည်း မှတ်တမ်းတွေအရ သိရပါတယ်။ ဗောရောဗုဓုကို ၁၉၉၁ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ [ယူနက်စကို(UNESCO)] က ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဗောရောဗုဓုဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ခရီးသွားအများဆုံး လာရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

 

mdn

 

ပရာဘန်နန် ဟိန္ဒူဘုရားကျောင်း

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုအဖွဲ့တို့ဟာ ပရာဘန်နန် (Prambanan) ဘုရားကျောင်းကို ဧပြီ ၂၃ ရက်နေ့မှာ ရောက်ရှိခဲ့ကြပါတယ်။ ပရာဘန်နန် ဘုရားကျောင်းဟာ ကိုးရာစုက ဟိန္ဒူလက်ရာစစ်စစ် ဘုရားကျောင်းတစ်ခုဖြစ်ပြီး ဂျော့ဂျာရဲ့ အထူးထင်ရှားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဂျော့ဂျကာတာကို ရောက်ရှိခဲ့မယ်ဆိုရင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုအဖြစ်ဘာကြောင့် ထင်ရှားရသလဲဆိုရင် အဲဒီဘုရားကျောင်းဟာလည်း ကမ္ဘာတစ်ဝန်းက ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အင်ဒိုနီးရှားရဲ့ အထင်ကရနေရာတစ်ခု ဖြစ်ပါတယ်။

ဆူလ်တန်ဘုရင့်နန်းတော်

ဂျော့ဂျကာတာမြို့ဟာ ဂျော့ဂျကာတာ အထူးဒေသရဲ့ မြို့တော်ဖြစ်ပြီး ဘုရင်အုပ်ချုပ်တဲ့ နယ်မြေဖြစ်တာကြောင့် လက်ရှိဘုရင်မှာ ဆယ်ယောက်မြောက် ဆူလ်တန်ဘုရင် ဖြစ်ပါတယ်။ လက်ရှိဘုရင်ဟာ သူတို့ရဲ့ အုပ်ချုပ်သူပဲလို့ ဧည့်လမ်းညွှန်ဝန်ထမ်းတွေ ပြောပြချက်အရ သိရပါတယ်။ ဆူလ်တန်ဘုရင့်နန်းတော်ကို သွားရောက် လည်ပတ်ခဲ့ပေမယ့်လည်း ဘုရင်ဖြစ်သူနဲ့တော့ တွေ့ခွင့်မရခဲ့ကြပါဘူး။ ကိုးယောက်မြောက်ဘုရင်နဲ့ လက်ရှိဘုရင် ဆူလ်တန်တို့ဟာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးပြုလုပ်ခဲ့လို့ နာမည်ဂုဏ်သတင်းကြီးမားတယ်လို့ သိရပါတယ်။ လက်ရှိ ဆူလ်တန်ဘုရင်မှာတော့ သမီးတော်တစ်ပါးသာ ထွန်းကားတယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။ ဆူလ်တန်နန်းတော်ကြီးမှာ ဘုရင်နဲ့ ပြည်သူပြည်သားတွေဟာ နေ့ထူး နေ့မြတ်တွေမှာ တွေ့ဆုံလေ့ရှိကြတယ်လို့ ပြောပါတယ်။

ထူးခြားချက်အနေနဲ့ ဆူလ်တန်မိသားစုဝင်တွေသာ ပန်းပန်ခွင့်ရှိကြပြီး သာမန်ပြည်သူတွေ ပန်ခွင့်မရှိဘူးလို့ ဆူလ်တန်ဘုရင်နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ နန်းတော်အကြောင်း ရှင်းပြပေးတဲ့ အမျိုးသမီးက ဆိုပါတယ်။ ဆူလ်တန်ဘုရင်တွေကပဲ အစိုးရအဆက်ဆက် အုပ်ချုပ်လာခဲ့ရာ နိုင်ငံရေးရာ၊ လူမှုရေးရာအကုန်လုံး ဘုရင်ကပဲ ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။ နန်းတော်ကြီးအတွင်းမှာ ဆူလ်တန်ဘုရင်အဆက်ဆက် တောကစားထွက်တဲ့နေရာ၊ တရားထိုင်တဲ့နေရာနဲ့ ရေကူးကန်၊ မြင်းစီးကွင်းတွေလည်း ရှိပါတယ်။

သွားရောက်တဲ့အချိန် ဧပြီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံမှာ အတော်လေး ပူပေမယ့်ဂျော့ဂျာမြို့မှာတော့ အနည်းငယ် အပူသက်သာတာကို ခံစားရပါတယ်။ မြို့ဟာ ရေခံမြေခံကောင်းပြီး စိုက်ပျိုးမြေ ဖြစ်ထွန်းတဲ့ဒေသ ဖြစ်တာကြောင့် လမ်းဘေးဝဲ၊ ယာမှာလည်း သစ်ပင်ကြီး၊ ငယ်တွေ စိုက်ပျိုးထားတာ တွေ့မြင်နေရပါတယ်။ တစ်မြို့လုံးနီးပါး အမှိုက်ကင်းစင်ပြီး သန့်ရှင်း သပ်ရပ်နေတာကတော့ အားကျစရာပါ။ လမ်းဘေးဆိုင်နဲ့ ဆိုင်ကြီးတွေမှာလည်း ပလတ်စတစ်အိတ်တွေ၊ ကြွပ်ကြွပ်အိတ်တွေ သုံးစွဲတာမတွေ့ရဘဲ စက္ကူကိုသာ အသုံးပြုတာကို တွေ့ရတော့ တော်တော်အထင်ကြီး လေးစားသွားရပါတယ်။ နောက်တစ်ချက်က သူတို့ဆီက စားသောက်ဆိုင်အချို့မှာ ရိုးရာတေးသီချင်းနဲ့ ဖျော်ဖြေကြတာကို တွေ့မြင်ရပါတယ်။ ခရီးသွားလုပ်ငန်းကို အဓိကထားတဲ့ ဒေသဖြစ်တာကြောင့် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်တဲ့အပြင် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရာလည်းရောက်တဲ့ အလေ့အထလေးတွေကိုလည်း အတုယူစရာ လေ့လာခွင့်ရခဲ့ပါတယ်။ အင်ဒိုချိုင်းနားအဖွဲ့သားတွေဟာ ဂျာဗားကျွန်းသူတွေရဲ့ အကအလှနဲ့ ရိုးရာအစားအသောက်တွေကို ခဏတာမြည်းစမ်းခွင့်ရခဲ့ကြပါတယ်။

မရာပီမီးတောင်

နောက်တစ်နေ့မှာတော့ ဂျိမ်းစ်ဘွန်းဇာတ်ကား ရိုက်ကူးနေတဲ့အလား စွန့်စွန့်စားစားနဲ့ နေရာတစ်ခုကို သွားရောက်ခဲ့ရပါတယ်။ အဲဒီနေရာကတော့ ၂၀၁၀ ပြည့်နှစ်အောက်တိုဘာလမှာ ပေါက်ကွဲခဲ့တဲ့ မရာပီမီးတောင် ဧရိယာပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မီးတောင်ပေါများတဲ့ နိုင်ငံဖြစ်တာနဲ့အညီ မီးတောင်ပေါက်ကွဲခြင်းဆိုတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ လက်တစ်ကမ်းမှာ နေထိုင်ရတဲ့နေရာလည်း ဖြစ်ပါတယ်။

မရာပီမီးတောင်ကိုသွားတဲ့ ခရီးစဉ်ဟာ စိတ်လှုပ်ရှားစရာကောင်းသလို ပျော်စရာလည်း အလွန်ကောင်းပါတယ်။ မီးတောင်ဆီကို သုံးယောက်သာလိုက်ပါ စီးနင်းခွင့်ရှိတဲ့ လင့်ရိုဗာဂျစ်ကားနဲ့ တက်ရတာဖြစ်ပြီး ကားမောင်းသူတွေဟာ တောင်တက်လမ်းခရီးကြမ်း တစ်လျှောက် သူတို့ရဲ့ ကားမောင်စွမ်းရည်ကို ပြသနေတဲ့အလား ကြမ်းကြမ်းတမ်းတမ်း မောင်းနှင်လိုက်ပို့ပါတယ်။ မီးတောင်တက်ခရီးစဉ်မှာ ခရီးသွားတွေအတွက် စိတ်ချရစေဖို့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီး ဖုန်နဲ့မီးတောင်ပြာမှုန်တွေ ကာကွယ်ဖို့အတွက် mask ကိုလည်း အသုံးပြုရပါတယ်။ ဒါပေမယ့်လည်း မရာပီမီးတောင် တောင်တက်လမ်းဟာ ခရီးသွားတွေအတွက် လုံခြုံစိတ်ချရပါတယ်လို့ ဧည့်လမ်းညွှန်တွေက အာမခံပါတယ်။ တောင်တက်လမ်းတစ်လျှောက်မှာ မီးတောင်ပေါက်ကွဲစဉ်က လွင့်စဉ်ထွက်လာတဲ့ ချော်ရည်ခဲ၊ ကျောက်ခဲတွေနဲ့ ပြည့်နှက်ကြမ်းတမ်းနေပါတယ်။

မီးတောင်ပေါက်ကွဲစဉ်မှာ ပျက်စီးသွားခဲ့တဲ့အိမ်ကလေးကို ပြတိုက်ငယ်အဖြစ်ထားရှိပြီး အိမ်အတွင်းဘက်မှာ အိပ်ခန်း၊ မီးဖိုဆောင် စသည်ဖြင့် ပစ္စည်းတွေကို ပျက်စီးလက်စ အနေအထားအတိုင်း ပြသထားရှိပါတယ်။ မီးတောင်ပေါက်ကွဲချိန်ဟာ ထင်မှတ်မထားတဲ့ အချိန်ဖြစ်တာတစ်ကြောင်း၊ သန်းခေါင်ယံအချိန်ဖြစ်တာ တစ်ကြောင်းကြောင့် ဒေသခံတွေဟာ ပြင်ဆင်ချိန်မရရှိလိုက်ဘဲ ချော်ရည်တွေအောက်မှာ နစ်မြုပ်သေဆုံး သွားခဲ့ရတယ်လို့ ကြေကွဲဖွယ်သိရှိရပါတယ်။ သဘာဝဘေး အန္တရာယ်ကပ်ဆိုးကြောင့် သေဆုံးသူ လူဦးရေပေါင်း ၃၄၀ နဲ့ တိရစ္ဆာန်တွေလည်း အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ တိရစ္ဆာန် အပျက်အစီးအရိုးစုတွေကိုလည်း ပြတိုက်ငယ်မှာ ပြသထားရှိပါတယ်။ ပြတိုက်ငယ်ကနေ အနည်းငယ် ဆက်သွားပြီးတဲ့အခါ မရာပီမီးတောင်ရဲ့ ရှုခင်းအလှကို ခံစားလို့ရပါပြီ။ ဒါပေမယ့် ရောက်ရှိတဲ့အချိန်က တိမ်အနည်း ငယ်ထူထပ်နေတဲ့အတွက် အလှအပကို ပြည့်ပြည့်ဝဝ ခံစားခွင့်မရရှိခဲ့ပါဘူး။ လက်ရှိ မရာပီမီးတောင်ဟာ သက်ရှိမီးတောင်အဖြစ် တည်ရှိနေဆဲလို့ သိရပါတယ်။

 

mdn

 

ပါတိတ်အထည်လုပ်ငန်း

ဆက်လက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ Trade mark  တစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားပါတိတ် အထည်လုပ်ငန်း လုပ်ကိုင်ရာဆီကိုလည်း လေ့လာလည်ပတ်ခွင့် ရခဲ့ပါတယ်။ ပိတ်အဖြူစပေါ်မှာ ဖယောင်းရည်နဲ့ ပန်းချီရေးဆွဲပြီး ဆေးဆိုးအခြောက်ခံတဲ့ လက်မှုလုပ်ငန်းပဲ ဖြစ်ပါတယ်။ အခြောက်ခံတဲ့နေရာမှာ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့စေဘဲ လေသလပ်ခံခြောက်သွေ့စေတာ ဖြစ်ပါတယ်။ လက်လုပ်ပါတိတ်ထည် အစတစ်စ ရရှိဖို့အတွက် အချိန်သုံးလကြာတယ်လို့ သိရပါတယ်။ အဲဒီနေရာမှာ အင်ဒိုချိုင်းနား အဖွဲ့သားတွေလည်း လက်တွေ့ ပန်းချီရေးဆွဲဆေးခြယ်ပြီး စမ်းသပ်လုပ်ကိုင်ခွင့် ရကြပါတယ်။ Hand made စစ်စစ် လက်ရာအထည်တွေကိုလည်း အိမ်အပြန်လက်ဆောင်အဖြစ် အဲဒီနေရာမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အဆင်ဆန်းပြီး ချည်သားအေးတဲ့အတွက် အဖွဲ့သားတွေ အကြိုက်တွေ့စေတဲ့ ရိုးရာအထည်တွေဖြစ်ပါတယ်။

မြန်မာအဖွဲ့သားတွေရဲ့ ဂျော့ဂျကာတာခရီးစဉ်ဟာ ဧပြီလ ၂၆ ရက်နေ့မှာ ပြီးဆုံးပါတယ်။ အဲဒီနေ့ မနက်ခင်းမှာပဲဂျော့ဂျာလေဆိပ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကို နှုတ်ဆက်ထွက်ခွာခဲ့ပြီး အဲဒီကနေတစ်ဆင့် ရန်ကုန်လေဆိပ်ကို တစ်ခါပြန်စီးရတာဖြစ်ပါတယ်။ ခရီးစဉ်တစ်လျှောက် ဂျော့ဂျာဒေသခံတွေရဲ့ ယဉ်ကျေးဖော်ရွေတဲ့ အပြုအမူတွေကြောင့် အထစ်အငေါ့မရှ အဆင်ပြေခဲ့ရပါတယ်။

ခရီးသွားကဏ္ဍ

အင်ဒိုနီးရှားနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က နိုင်ငံတကာခရီးသွားဧည့်သည် ၁၅ သန်းကျော် ဝင်ရောက်ခဲ့ပြီး ခရီးသွားကဏ္ဍကနေ GDP ရှစ်ရာခိုင်နှုန်းအထိ ရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်မှာ ခရီးသည်ပေါင်း သန်း ၂၀ ရောက်ရှိလာဖို့အတွက် ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံကို အဓိကလာရောက်ကြတဲ့ ထိပ်တန်းငါးနိုင်ငံက စင်ကာပူ၊ မလေးရှား၊ တရုတ်၊ ဩစတြေးလျနဲ့ ဂျပန်နိုင်ငံတို့ဖြစ်ကြပြီး ဗဟိုစာရင်းအင်းအဖွဲ့ Central Statistics Agency (BPS) က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အင်ဒိုနီးရှားမှာ ခရီးသွားတွေ အကြိုက်ဆုံးနေရာ ဆယ်ခုကတော့ ဘာလီ၊ အနောက်ဂျာဗား၊ ဂျာဗားအလယ်ပိုင်း၊ အရှေ့ဂျာဗား၊ ဆူမတြားမြောက်ပိုင်း၊ လန်ပန်(Lampung)၊ ဆူလာဝါဆီတောင်ပိုင်း၊ ဆူမတြားတောင်ပိုင်း၊ ဘန်တန်(Banten) နဲ့ ဆူမတြား အနောက်ပိုင်းတို့ဖြစ်ကြောင်း ဝီကီမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နိုဝင်ဘာလအထိ ခရီးသွားဧည့်သည်ပေါင်း ၂ ဒသမ ၈ သန်းကျော် ဝင်ရောက်ခဲ့တယ်လို့ မြန်မာ့ခရီးသွား (Tourism Myanmar) ဝက်ဘ်ဆိုက်ကနေ သိရပါတယ်။ မီးခိုးမထွက်တဲ့စက်ရုံလုပ်ငန်း (ခေါ် ) ခရီးသွား လုပ်ငန်းကဏ္ဍကနေ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရရှိစေနိုင်တာမို့ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ အနေနဲ့လည်း ရိုးရာယဉ်ကျေးမှု အလှအပတွေကို ကမ္ဘာကသိရှိအောင်၊ တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှု တိုးတက်လာအောင် အဘက်ဘက်က ဝိုင်းဝန်းကြိုးစားသွားဖို့ လိုအပ်နေသေးတယ်လို့မြင်မိပါတယ်။

နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ကိုယ့်နိုင်ငံသားတွေ ပြောပြောနေတဲ့ Beautiful Myanmar? Golden Land Myanmar ဆိုသလိုပဲ၊ သူတို့ဆီ သူတို့နိုင်ငံသားတွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းနဲ့ပဲ ဂျော့ဂျာသွား တောလားကို အဆုံးသတ်လိုက်ပါတယ်။  Wonderful Indonesia!.