ကာရာကတ်စ် ၁၄ မေ
တရုတ်နိုင်ငံမှ ဗင်နီဇွဲလားနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ပေးပို့ခဲ့သည့် လူသားချင်း စာနာထောက်ထားသည့် ဆေးဝါးထောက်ပံ့ရေး ပစ္စည်းများသည် ဆီမွန်ဘိုလီဗာ နိုင်ငံတကာလေဆိပ်သို့ ယနေ့ရောက်ခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်
အဆိုပါ ဆေးဝါးထောက်ပံ့ရေးပစ္စည်းများ ပေးပို့မှုသည် တရုတ်နှင့် ဗင်နီဇွဲလား နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုပါကြောင်း ဗင်နီဇွဲလား နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဘာအိုယောင်က ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်
ဒုတိယအကြိမ် ပစ္စည်းများပေးပို့မှုတွင် ဆေးဝါးများ နှင့် ဆေးပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများပါဝင်ပြီး စုစုပေါင်း တန်ချိန် ၇၁ တန်ခန့်ရှိကြောင်း သိရသည်။
ယခုပေးပို့ခဲ့သည့် ဆေးဝါးထောက်ပံ့ရေး ပစ္စည်းများသည် ပိတ်ဆို့မှုဒဏ်ကို ခံစားနေရသည့် ဗင်နီဇွဲလားပြည်သူများအား တစ်ဖက်တစ်လမ်းမှ ကူညီရာရောက်မည်ဟု မျှော်လင့်ပါကြောင်း သံအမတ်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိနိုင်ရန် ဗင်နီဇွဲလားပြည်သူများအနေဖြင့် စွမ်းဆောင်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်းနှင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရန် ကြိုးပမ်းလျက်ရှိစဉ် တရုတ်နိုင်ငံအနေဖြင့် ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။
ဗင်နီဇွဲလား ကျန်းမာရေးဝန်ကြီး ကာလို့စ်အယ်ဗာရာဒိုက ဗင်နီဇွဲလားပြည်သူများအား ယခုကဲ့သို့ ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့သည့်အတွက် တရုတ်အစိုးရအား ကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံသို့ တရုတ်နိုင်ငံက ပထမအကြိမ် ထောက်ပံ့ရေးပစ္စည်းများကို မတ်လအတွင်း ပေးပို့ခဲ့ပြီး တန်ချိန်အားဖြင့် ၆၅ တန်ရှိသော ဆေးဝါးများနှင့် ဆေးပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ