မကွေး ၁၅ မေ
မကွေးတိုင်းဒေသကြီးအတွင်း မင်းလှ၊ မင်းတုန်းနှင့် ချောက်မြို့နယ်များတွင် လုပ်ဆောင်ရန် လျာထားသည့် လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းမှ လျှပ်စစ်မဂ္ဂါဝပ် ၂၆၀ ကျော်ရရှိမည်ဟု ပညာရှင်များကတွက်ချက်ထားပြီး မင်းလှမြို့နယ်တွင် ၂၀၂၀ နှစ်ကုန်ပိုင်းမှစ၍ လုပ်ငန်းများ စတင်လည်ပတ်မည်ဟု မျှော်မှန်းထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ သိရသည်။
“မင်းလှမြို့နယ်ထဲမှာ တာဝါတိုင်တွေ ဆောက်မယ့်နေရာ၊ ကေဘယ်လ်ကြိုးတွေမြှုပ်မယ့်နေရာ၊ အဲဒါတွေအတွက် ဆုံးရှုံးရမယ့် လယ်ယာမြေတွေအတွက် လျော်ကြေးဘယ်လောက်ပေးရမယ်ဆိုတာ ကွင်းဆင်းပြီး အတိအကျ ထွက် အောင် တွက်နေကြပါပြီ။ လောလောဆယ် ဆုံးဖြတ်ထားတာကတော့ မြေတွေကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ပိုင်လုပ်ပြီး သူတို့ကို ငှားရမ်းတဲ့ပုံစံနဲ့လုပ်မယ်။ လုပ်ငန်းတွေ ဆက်သွားနေပါတယ်။ သေချာပေါက် လေစွမ်းအင်ကနေ လျှပ်စစ် ထုတ်လို့ရတယ် ဆိုတာ တစ်နှစ်ခွဲလောက်စမ်းပြီးပြီဖြစ်လို့ ထုတ်ဖြစ်ဖို့က သေချာပါတယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက မေလ ၁၄ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
လေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စင်ကာပူ အခြေစိုက် Infra Capital Myanmar-ReEx ကုမ္ပဏီတို့ ၂၀၁၇ ခုနှစ် ဧပြီလ (၄)ရက်နေ့တွင် MOU သဘောတူစာချုပ် လက်မှတ်ရေးထိုးကာ ၂၀၁၈ ခုနှစ်တွင် သက်တမ်းတိုး၍ ဆောင်ရွက်နေပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ လေတိုက်နှုန်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ မြေယာအသုံးချမှုအတွက် လျော်ကြေးငွေကိစ္စများကို အဖွဲ့ဖွဲ့စည်း၍ လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ထားသည်။
“အဲဒါတွေပြီးရင် အစိုးရအဖွဲ့နဲ့ သဘောတူညီချက် MOU ကို ပြည်ထောင်စုအစိုးရ အဖွဲ့ဆီလွှဲပေးပါ့မယ်။ လေအားလျှပ်စစ် တစ်ယူနစ်ကို ဘယ်လောက်နှုန်းနဲ့ ကျွန်တော်တို့က ဝယ်မယ်ဆိုတာ PPA သဘောတူညီချက်ရယူပြီးရင်တော့ လုပ်ငန်းတွေ စတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်အကုန် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ လုပ်ငန်းတွေ စတင်နိုင်မယ်လို့ မျှော်မှန်းပါတယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်၊ သယံဇာတရေးရာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် က အတည်ပြုပြောကြားသည်။
လေအားလျှပ်စစ်ထုတ်လုပ်မည့် လေရဟတ်များမှာ ၂၂၅ မီတာ(ပေ ၇၅၀)ခန့် မြင့်မားမည်ဖြစ်ပြီး နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က အသိအမှတ်ပြုထားသည့် ကုမ္ပဏီများမှ ပညာရှင်များဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း လုပ်ငန်းများ စတင်နိုင်မည့်အချိန်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဇေယျတု(မကွေး)