နေပြည်တော် ၁၅ မေ
ဆဋ္ဌမတန်း(Grade-6) သင်ရိုးသစ်ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီတွင် ပျဉ်းမနားမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သွားရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်ဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းပြခန်းအတွင်း ပြသထားသော သင်ရိုးဟောင်း၊ သင်ရိုးသစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆဋ္ဌမတန်း(Grade-6) သင်ရိုးသစ် ဆွေးနွေးပွဲတွင် ဘာသာရပ်အလိုက် ဆွေးနွေးနေမှုများ၊ သင်ကြားသင်ယူ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆရာဆရာမများအနေဖြင့် မိမိတို့၏ သင်ကြားသင်ယူမှု အရည်အသွေး တိုးတက်မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် အလယ်တန်းပညာရေးစနစ်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်၍ ကျောင်းသားကျောင်းသူများအား ပြန်လည်သင်ကြားရာတွင် အလွတ်ကျက်မှတ်မှုစနစ်မှ ကိုယ်တိုင်စဉ်းစားတွေးခေါ်နိုင်မည့် အလေ့အကျင့်ကောင်းများ ရရှိအောင် သင်ကြားပေးစေလိုပါကြောင်း။
ပြဋ္ဌာန်းစာအုပ်အတိုင်း သင်ကြားရာတွင် မိမိတို့၏ အတွေ့အကြုံများ ပေါင်းစပ်၍ တီထွင်ဆန်းသစ်မှုကို အားပေးသည့် သင်ကြားသင်ယူမှုကောင်းများ ရရှိအောင် သင်ကြားပေးစေလိုပါကြောင်း၊ ဆရာဆရာမများ၏ နေထိုင်စားသောက်ရေး ဆောင်ရွက်ထားမှုများနှင့် အခက်အခဲများ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆွေးနွေးပွဲတွင် နည်းပြဆရာဆရာမ (၉၁) ဦးက ဘာသာရပ်အလိုက် ခေါင်းစဉ်ငယ်များခွဲ၍ ဆွေးနွေးပို့ချကာ ဆဋ္ဌမတန်း(Grade-6) သင်ရိုးသစ် သင်ကြားမည့် ဆရာဆရာမ (၂၉၁၉)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ(၁၀)ရက်မှ မေ (၂၄)ရက်အထိဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)