နေပြည်တော် ၁၅ မေ
မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးကို မေ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ထိုင်းနိုင်ငံ ဖူးခက်မြို့၌ ကျင်းပသည်။
အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. PetcharatSinauy နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်သည့် MoU လုပ်ငန်းစဉ်၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးမည့် မြန်မာအလုပ်သမားများ ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ရရှိရေး၊ ဥပဒေပါ အခွင့်အရေးအပြည့် အဝရရှိရေးနှင့် လူမှုကာကွယ် စောင့်ရှောက်မှုပေးရေး၊ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာရေလုပ်သားများ စေလွှတ်နိုင်ရေး၊ အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ်သတ်မှတ်ခြင်းနှင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ်ကို သက်တမ်းတိုးနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မေ ၁၂ ရက်တွင် ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၌ ဖွင့်လှစ်ထားရှိသော သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၏ အလုပ်သမားများ အချက်အလက် ကောက်ယူရေးစင်တာသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
(သတင်းစဉ်)