နေပြည်တော် ၁၅ မေ

မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီသည် သက်ကြီးရွယ်အိုများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများကို ဖော်ဆောင်ပေးရန်အတွက် အဓိကဖြစ်ပါကြောင်း၊  နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသော လူမှုကာ ကွယ်စောင့်ရှောက်ရေး အစီအစဉ်သည် ပဋိသန္ဓေတည်သည်မှစ၍ သက်ကြီးရွယ်အိုအထိ ဆောင်ရွက်နေသော လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ဥပဒေထုတ်ပြန်ပြီးဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးတွင်း နည်းဥပဒေ(မူကြမ်း)အပေါ် ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ဆောင်ရွက်လျက်ရှိပြီး လက်ရှိဘဏ္ဍာရေးနှစ်တွင် အသက်(၈၅)နှစ်သို့ လျှော့ချပြီး ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုဆိုင်ရာ ရန်ပုံငွေထူထောင်ရေးနှင့် တိုးပွားရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးဆိုင်ရာ၊ ခရီးသွားလာမှုဆိုင်ရာ၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာနှင့် သက်သာခွင့်၊ ကင်းလွတ်ခွင့်များ ခံစားရရှိနိုင်ရန် သက်ကြီးရွယ်အို သက်သေခံကတ်ပြားလိုအပ်ပြီး သက်ကြီးရွယ်အိုအဆင့်အလိုက် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပါအခွင့်အရေးများကို ဖော်ဆောင်ရွက်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနများ၏ စီမံကိန်းများတွင် သက်ကြီးရွယ်အိုဆိုင်ရာ လုပ်ငန်းများအတွက် ထည့်သွင်းရေးဆွဲရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ခန့်မှန်း (၁၀) ရာခိုင်နှုန်းသည် သက်ကြီးရွယ်အိုများ ဖြစ်သည့်အတွက် သက်ကြီးရွယ်အိုများ၏ အကျိုးစီးပွားအတွက် တက်ကြွ၍ကျန်းမာသော သက်ကြီးရွယ်အိုဘဝ ဖြစ်နိုင်ရန်အတွက် ဦးတည်ကြိုးပမ်း ဆောင်ရွက်ရန်လိုအပ်သလို ၎င်းတို့ကိုယ်တိုင် လူမှုဘဝထဲတွင် ဆက်လက်အကျိုးပြု ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီသည် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်ပြီး သက်ကြီးရွယ်အိုဆိုင်ရာ ကိစ္စရပ်များတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သဖြင့် ကော်မတီဝင်များက ထိရောက်စွာ ပူးပေါင်းဦးဆောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။  

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက သက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေထူထောင်နိုင်ရေးအတွက် လည်းကောင်း၊ ညွှန်ကြားရေးမှူး၊ ဦးကျော်လင်းထင်က  ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေ(မူကြမ်း)တို့အား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)