ညောင်တုန်း  ၁၅  မေ          

 

   
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် စာအုပ်၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ ညနေ ၃ နာရီက ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

 

dfd

 


အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်က အသစ်ပြဌာန်းလိုက်သော စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ ရည်ရွယ်ချက်၊ အခွင့်အရေးနှင့် တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

 

ewf

 


ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က ကျောင်းသား၊ ကျောင်းသူများအား မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ဆူနာမီတို့ဖြစ်ပေါ်လာလျှင် ကြုံတွေ့ရသည့်အခြေအနေများ၊ ဆောင်ရွက်ရမည့် နည်းလမ်းအစီအမံများ အကြောင်းကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းပြသခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများပါသော လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

 

ewef

 


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လူထုအခြေပြုဗဟိုဌာနတွင် ပြသထားသည့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးကာတွန်းများ၊ မုန်တိုင်းဘေး ပညာပေးနံရံကပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးစာစောင်များနှင့် ဓာတ်ပုံများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 


ဝဠာနိုင်(ညောင်တုန်း)