မန္တလေး ၁၅ မေ 

မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် အပူရှိန်မြင့်မားမှုကြောင့် ဧပြီလ နောက်ဆုံးအပတ်မှ မေလ ၁၅ ရက်အထိ Heat Stroke (အပူရှပ်)လူနာ ၅၇ ဦး တက်ရောက်ကုသမှု ခံယူလျက်ရှိပြီး လက်ရှိကာလတွင် သေဆုံးသူ ၆ ဦးရှိနေကြောင်း အဆိုပါဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာဇင်ဇင်ကျော်က ပြောကြားချက်အရ သိရသည်။

မန္တလေးမြို့၏ နေ့အပူချိန်မှာ မေလဆန်းမှစ၍ ၄၀ ဒီဂရီစင်တီဂရိတ်အထက်တွင် ရက်ကြာရှည်စွာ ရောက်ရှိနေမှုကြောင့် Heat Stroke (အပူရှပ်)ရောဂါဖြစ်ပွားမှုမှာလည်း မေလအတွင်း၌ ပိုမိုများပြားလာပြီး သွေးတိုး၊ ဆီးချိုအခံရှိသူများ၊ အသက်အရွယ်ကြီးရင့်သူများ၊ ငယ်ရွယ်လွန်းသူများနှင့် အရက်သေစာ သောက်စားသူများတွင် အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

''ကျွန်မတို့ဆေးရုံကြီးကို Heat Stroke (အပူရှပ်) လူနာအနေနဲ့ မန္တလေးခရိုင်အတွင်းက တက်ရောက်ကုသသူ ၂၉ ဦးပဲ ရှိပေမယ့် အခြားတိုင်းနဲ့ ပြည်နယ်တွေက ဖြစ်ပွားသူတွေပါ လာရောက်ကုသတဲ့အတွက် လူနာဦးရေ များလာတာပါ။ ဒီလိုလူနာတွေရောက်လာရင် သက်ဆိုင်ရာ စောင့်ကြည့်ကုသဆောင်(ဖျားနာ)မှာ အရင်ဆုံး စမ်းသပ်စစ်ဆေးကုသပြီး ပုံမှန်အခြေအနေရောက်ရှိမှ သက်ဆိုင်ရာ ဖျားနားကုသဆောင်တွေကို ရွေ့ပြောင်းကုသပေးပါတယ်။ ဖြစ်ပွားသူ လူနာများပြားလို့ လက်ရှိစောင့်ကြည့်ကုသဆောင်နဲ့ မလုံလောက်ခဲ့ရင် ပြင်ပလူနာဌာနရဲ့ အပေါ်ထပ်မှာ လေအေးပေးစက်တွေ တပ်ဆင်ထားတဲ့ အရန်အခန်းတွေကို  ပြင်ဆင်ထားပါတယ်။ ကြိုတင်ပြင်ဆင်ထားရှိမှုအနေနဲ့ လူနာတွေကုသဖို့အတွက် လိုအပ်တဲ့ လေအေးပေးစက်တွေ ရေခဲနဲ့ ရေရောပြီးတော့ ချိုးလို့ရမယ့်နေရာတွေ ရေခဲသိုလှောင်တဲ့ပုံးတွေအပြင် ဆေးဝါးနဲ့ စက်ပစ္စည်းတွေလည်း ကြိုတင်ပြင်ဆင်ထားပါတယ်။ ကုသမှုအပိုင်းအနေနဲ့ ဆရာဝန်တွေ သူနာပြုတွေ လုပ်သားအင်အားကိုလည်း ကြိုတင်ပြင်တာဝန်ချထားတဲ့အပြင် ရေခဲအလှူရှင်တွေ လူမှုကူညီရေးအသင်းတွေနဲ့လည်း ကြိုတင်ဆက်သွယ်ထားပါတယ်'' ဟု ၎င်းက ပြောသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ နှစ်အလိုက် အပူရှိန်မြင့်မားမှုကြောင့် ဖြစ်ပွားသည့် Heat Stroke (အပူရှပ်) လူနာများ တက်ရောက်ကုသမှု စာရင်းများအနေဖြင့် ၂၀၁၀ ခုနှစ်တွင် Heat Stroke (အပူရှပ်) ဖြစ်ပွားသူ ၄၆၁ ဦးနှင့် သေဆုံးသူ ၂၂ ဦး၊ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားသူ လူနာ ၃၉ ဦး၊ ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားသူ လူနာ ၉၁ ဦးနှင့် သေဆုံးသူ ၆ ဦး၊ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားသူ ၉ ဦး၊ ၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားသူ ၈ ဦးနှင့် ၂၀၁၉ ခုနှစ် မေလ ၁၅ ရက်အထိ ဖြစ်ပွားသူ ၅၇ ဦးနှင့် သေဆုံးသူ ၆ ဦးရှိခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)