လွိုင်ကော် ၁၅ မေ
ဖင်လန်နိုင်ငံ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဘုရားနီကျေးရွာတွင် ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း ပိုမိုမြင့်မားရေးစီမံချက်အတွင်းရှိ စီမံချက်လုပ်ငန်းများကို Red Nose Day Campaign အမည်ဖြင့် မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးခဲ့သည်။

ဖင်လန်နိုင်ငံ ကြက်ခြေနီပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်ရှိ ဘုရားနီကျေးရွာအတွက် ထောက်ပံ့ပေးခဲ့သည့် မြေရေစစ်အိုး၊ ဆေးစိမ်ခြင်ထောင်၊ ယင်လုံအိမ်သာအတွက် အသုံးပြုသည့် မှိုပုံစံ၊ လယ်ရှည်ဖိနပ်များနှင့် စီမံချက်ပါရွာများကို မတည်ငွေကျပ် (၁၀)သိန်းဖြင့် အကျိုးရှိစွာအသုံးချမှုအပေါ် တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးခဲ့သည်။

အဆိုပါ ရိုက်ကူးရေးအဖွဲ့တွင် ဖင်လန်နိုင်ငံမှ Mr.Benjamin (Audio Visual Delegute) Ms.Taina Tyrvainen (Communication Manager) Mr.Matti Ronka (Journalist) နှင့် Cameraman အဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ Dy.Director ဦးမျိုးနိုင်၊ Project Manager ဦးဝင်းဆန်းဦးနှင့် ကယားပြည်နယ် ကြက်ခြေနီအသင်းတို့ လိုက်ပါပြီး ဘုရားနီကျေးရွာရှိ ကျေးရွာကော်မတီများအား တွေ့ဆုံဆွေးနွေးခြင်း၊ မိသားစုဝင်များအား တွေ့ဆုံမေးမြန်းခြင်း၊ ကော်မတီအဖွဲ့ဝင် အမျိုးသမီးတစ်ဦးအား တွေ့ဆုံမေးမြန်းခြင်း၊ ကျေးရွာပတ်ဝန်းကျင် အခြေအနေနှင့် စိုက်ပျိုးရေးရှုခင်းများအား မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး နောက်ရက်များတွင် လွယ်ထွဲကျေးရွာနှင့် ကန်နီကျေးရွာများတွင် ဆက်လက်ကွင်းဆင်း မှတ်တမ်းတင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖိုးရယ်
