ပွင့်ဖြူ  ၁၅  မေ

 


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မေ ၁၄ ရက်  ညနေ ၄ နာရီခွဲခန့်က ရုတ်တရက် မိုးသက်လေပြင်းများ တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်အတွင်း ကျေးရွာအုပ်စု ၉ အုပ်တွင် လူနေအိမ် ၃၃၄ လုံး အမိုးလန်ပျက်စီးခြင်း၊ လူနေအိမ် ၃ လုံး ပြိုလဲပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းနှင့် ဘုရားအမိုးတန်စောင်း တစ်ခုတို့ အမိုးလန်ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

ိ္တ

 


အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှု အရှိန်ကြောင့် ပွင့်ဖြူမြို့နယ်ကျွဲတံခါး ကျေးရွာအုပ်စု၊ မဲဇလီ ကျေးရွာအုပ်စု၊ ဆည်တော်ကျေးရွာအုပ်စု၊ နဘဲကုန်းကျေးရွာအုပ်စု၊ အနောက်လေးအိမ်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာအုပ်စု၊ ကြူဝန်းကျေးရွာအုပ်စု၊ ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ စုစုပေါင်း ကျေးရွာအုပ်စု ၉ အုပ်စုတို့တွင် လူနေအိမ်များ ၃၃၄ လုံး တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးခြင်း ၊ လူနေအိမ် ၃ လုံး ပြိုလဲပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ ဘုရားအမိုးတန်စောင်းတစ်ခု အမိုးလန်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။ 

 

န္

 


မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသည့် လူနေအိမ်များအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)