mdn

သတင်းဆောင်းပါး - ကာတွန်းရွှေမင်းသား

 

စာပေနယ်တွင် ထုတ်ဝေသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်နှင့် လူနာမည်တွဲလျက် အလွယ်ခေါ်ခဲ့သော သင်္ကေတအမှတ်အသားများ ရှိခဲ့ဖူးပါသည်။

 

ရှုမဝဦးကျော်၊ ဗမာ့ခေတ်ဦးအုန်းခင်၊ ကြေးမုံဦးသောင်း၊ အထောက်တော်လှအောင်၊ သမာဓိရှင်လုံး၊ ထွန်းနေ့စဉ် ဦးထွန်းဖေ ယခုလည်း “သောကြာ ဦးမောင်ကလေး” သောကြာစာစောင်ထုတ်ဝေခဲ့သည့် ဦးမောင်ကလေး ဖြစ်ပါသည်။

 

mdn

 

သောကြာစာစောင်ထုတ်ဝေသူမဖြစ်မီ ဗမာဒိုင်ဂျက်၊ မေ့တွက်တာနှင့် မေမဂ္ဂဇင်းတို့တွင် အယ်ဒီတာ နှင့် ထုတ်ဝေသူ ဖြစ်ခဲ့ပါသေးသည်။ ရှုမဝမဂ္ဂဇင်းတွင်စာပြင်ဆရာဘဝ၊ သင့်ဘဝမဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ ပခုက္ကူခရိုင် မြစ်ခြေဇာတိ(ညောင်ဦးတစ်ဖက်ကမ်း)ဖြစ်သည်။

 

စာရေးဆရာ၊ ပန်းချီဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ များနှင့် ရင်းနှီးမှုကို ရှုမဝမဂ္ဂဇင်းတွင် ကြိမ်ဖန်များစွာ ဆုံတွေ့ ကာ ရှုမဝဝိုင်းတော်သားတစ်ဦး ဖြစ်လာခဲ့သည်။အောင်စွာ ကလောင်နာမည်နှင့် ဆောင်းပါးများလည်း ရေးသားခဲ့သည်။

 

၁၉၅၇ ခုနှစ် ဧပြီလတွင် ဆရာအောင်ဗလ (ကြေးမုံဦးသောင်း)က ကြေးမုံသတင်းစာကို စတင်ထုတ်ဝေခဲ့သည်။ အလျဉ်းသင့်၍ ထိုစဉ်က ကြေးမုံသတင်းစာ ထုတ်ဝေရန် ရှယ်ယာပါဝင်ခဲ့ကြသော စတင်တည်ထောင်သူများမှာ ကြေးမုံဦးသောင်း(အောင်ဗလ)၊ ဦးသိန်း (ဆရာဇဝန)၊ ဦးသော်(ကြေးမုံအုပ်ချုပ်ရေးမှူး)၊ ဦးသန်းထွန်း၊ ဒေါ်အမာ(ဦးပွင့်ကောင်း၏ဇနီး)၊ ဒေါ်သန်းတင်(ဦးသောင်း၏ယောက္ခမ)၊ ဒေါ်ခင်မိ(ဦးသောင်း၏တူမ)နှင့် ဦးကြည်ဝင်းလှိုင်(မွန်စံလှိုင်၏သား) ရှစ်ဦး ဖြစ်ပါသည်။

 

သောကြာသားလေးဦး ပေါင်းစုမိသဖြင့် သောကြာ စာစောင်ထုတ်ဝေခဲ့ခြင်း ဖြစ်နိုင်ကောင်းပါသည်။ နောက်ရင်းပြောင်ရင်း ရယ်ပွဲဖွဲ့ခဲ့ကြသည်မှာ သောက်လို့ကြာတာလား၊ ကြာကြာသောက်လို့ ကောင်းတာလားဟုကြားခဲ့ရဖူးပါသည်။

 

သောကြာစာစောင်ကို ကြေးမုံသတင်းစာတိုက်မှဆရာဇဝနဦးဆောင်၍ ဆရာစိန်ခင်မောင်ရီနှင့် တွဲဖက်ကာ ဦးတင်ထွေးက ဖောင်ကိုင်အယ်ဒီတာ(စာမူတောင်း၊ ကာတွန်းသïပ်ဖော်ပုံအပ်၊ ဒန်ဘီချ၊ ဖောင်ကိုင်) အဖြစ်တာဝန်ယူခဲ့သည်။ ဦးဖေသိန်း၊ ဦးအောင်ရှိ်န်၊ ဦးမောင်စိန်၊ မင်းထွတ်၊ ဦးဘထွေး၊ ဦးဟိန်စွန်းတို့ ကာတွန်းရေးဆွဲခဲ့ကြသည်။

 

ကြေးမုံသတင်းစာကိုလူကြိုက်များကာ ကောင်းသတင်း လူချင်းဆောင်ခြင်းကြောင့် စောင်ရေများတိုးတက်ကာ သတင်းထောက်များ၊ အယ်ဒီတာများ နေ့၊ ညမအား ကြိုး စားခဲ့ကြသည်။ ဆရာဇဝန၊ ဆရာစိန်ခင်မောင်ရီနှင့် ဆရာ ဦးဝင်းတင်တို့ တက်ညီလက်ညီ်လှော်ခတ်ကာ ရေဆန်ခရီး၊ လေဆန်ခရီးတို့ကို ပျော်ပျော်ကြီး ဖြတ်ကျော်ခဲ့ကြသည်။ (ထိုစဉ်က ကြေးမုံတိုက် ကျောက်မြောင်းဈေးကပ်လျက်)

 

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာပြီး နောက် ဆရာအောင်ဗလ(ကြေးမုံဦးသောင်း)က ဆရာဇဝန၊ ဆရာစိန်ခင်မောင်ရီတို့နှင့် တိုင်ပင်ကာ သောကြာစာစောင်ကို ငယ်သူငယ်ချင်း ဦးမောင်ကလေးအား အပြီးအပိုင်ပင်လွှဲပြောင်းပေးအပ်လိုက်ပါသည်။ ဆရာကြီး ကာတွန်း ဘိုးအေကြီး ဦးဟိန်စွန်းကို ထိုလွှဲပြောင်းပေးအပ်ပွဲသို့ခေါ်ယူထားသဖြင့် တိကျခိုင်လုံသောသတင်းဖြစ်ခဲ့သလိုဦးမောင်ကလေးက သောကြာစာစောင်ထုတ်ဝေရာတွင်ဆရာကြီး ကာတွန်းဦးဟိန်စွန်းကို အတိုင်ပင်ခံအယ်ဒီတာ အဖြစ် ခန့်အပ်ပါသည်။

 

ဦးမောင်ကလေးမှာ သူငယ်ချင်းဖြစ်သူ မောင်သောင်းနှင့် ညောင်ဦးဆရာတော်ကျောင်းတွင် အတူနေခဲ့ရသူဖြစ်သည်။ တစ်နေ့ ဆရာတော်ပြင်ပသို့ ခရီးသွားခိုက်ဆရာတော်၏တူဖြစ်သူ ကလေးဘဝ ဆော့ကစားရာမှမှားယွင်းသည့်ပြစ်မှုတစ်ခု ကျူးလွန်မိသည်။ ဆရာတော်ကျောင်းသို့ပြန်ရောက်ပြီး တိုင်ကြားသူရှိသဖြင့် အမှုပေါ်ပေါက်ကာ ကျောင်းသားအားလုံး အရိုက်ခံလိုက်ရ သည်။ နောက်တစ်ဖန် ထပ်မံစစ်ဆေးရာ အခြားကျောင်း သားများ အရိုက်ခံရမည်ကိုကြောက်ကာ အမှန်အတိုင်း ဆရာတော့်တူ၏အပြစ်ကို မပြောဝံ့ကြ၍ လှီးလွှဲလျှောက်ထားကြ၏။

 

ကြေးမုံဦးသောင်းဖြစ်လာမည့် မောင်သောင်းမှာ မှန်ရာ ကိုသာ ပြန်လည်လျှောက်ထားမိ၍ ထပ်မံအïdက်ခံရ ပြန်သည်။ ထိုသို့ သုံးကြိမ်တိတိအရိုက်ခံ၍ အမှန်ကိုသာ မကြောက်မရွံ့လျှောက်ထားခဲ့ သည်။

 

သတင်းစာဆရာဖြစ်လာသော ဆရာအောင်ဗလ (ကြေးမုံဦးသောင်း)သည် ငယ်စဉ်ကတည်းက မှန်ရာပြောဝံ့သူဖြစ်ကြောင်း မဂ္ဂဇင်းတွင် မှတ်မှတ်ရရ ဂုဏ်ပြုရေးသားခဲ့ဖူးသည်။

 

ကာတွန်းဘိုးအေကြီးဦးဟိန်စွန်းကို နာယကထားကာ သောကြာစာစောင်မျက်နှာဖုံးကို ကာတွန်းဦးဖေသိန်း အား လစဉ်ရေးဆွဲပေးရန် အပ်နှံကာ အတွင်းတွင်ဦးအောင်ရှိန်၊ ဦးဘထွေး၊ ဦးဟိန်စွန်း ကာတွန်းများနှင့် ဝေဝေဆာဆာ ထုတ်ဝေလာသည်။ ဟာသစာမူများကိုကျွန်တော်သရုပ်ဖော်ပုံမရေးမီက ကာတွန်း မောင်မောင်သက်၊ ကာတွန်းလှတင်နှင့် ကာတွန်းတင်ထွတ်တို့က ရေးဆွဲပေးကြပါသည်။

 

ကာတွန်းမောင်မောင်သက်၏ အခြေခံပန်းချီရေးဆွဲနည်းစာအုပ်ကိုလည်း ထုတ်ပေးခဲ့သည်။

 

ကာတွန်းဆရာကြီး ဦးဟိန်စွန်း၊ စာရေးဆရာကြီး ဦးရန်အောင်တို့ကိုလည်း ဆွေမျိုးရင်းပမာ ဂါရဝထား လေးစားသမှုဖြင့် ဆက်ဆံခြင်းပြုသည်ကိုလည်း တွေ့ရကြုံရဆုံခဲ့ရဖူးပါသည်။ ကာတွန်းဦးဖေသိန်း မျက်စိခွဲရသည်မှစကာ ဆရာဦးသန်းကြွယ်၊ ကျွန်တော်နှင့် ကာတွန်း မြင့်သိန်းတို့ အဖုံးရေးဆွဲခွင့် ရခဲ့ကြသည်။

 

မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်းမှ သက်ကြီး စာပေပညာရှင်ကန်တော့ပွဲတွင် စာရေးဆရာမောင်လင်း ယုန်(ရှမ်းပြည်)၊ ဆရာမဒေါ်ခင်ဆွေဦးတို့နှင့်လည်းကောင်း၊ လယ်ယာစီးပွားဂျာနယ်မှ ဝါဆိုသင်္ကန်း ကပ်လှူပွဲတွင်လည်း ဦးမြသိန်း(မြဝတီအယ်ဒိတာချုပ်ဟောင်း)နှင့်အတူ သောကြာဦးမောင်ကလေးကို ကန်တော့ခံပုဂ္ဂိုလ်အဖြစ် ငါးနှစ်မက ခြောက်နှစ်မျှ ဆုံခဲ့ရပါသည်။

 

သက်ကြီးစကား သက်ငယ်ကြား နားဝင်သာသည့်ဥပမာများနှင့် လိုက်နာဆောင်ရွက်စေရန် နီတိလေးများ ပြောကာ သွန်သင်ခဲ့သည်။ မှတ်သားနာယူခဲ့ရသည်။

 

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ဩဘာလမ်းရှိ ဓမ္မရက္ခိတ ဓမ္မာရုံ၌ ကန်တော့ခံမွေးနေ့ပွဲတွင် ၉၆ နှစ်ပြည့်သောကြာဦးမောင်ကလေးအား မေတ္တာဂုဏ်သီချင်းဖြင့်ဂါရဝပြု သီဆိုကန်တော့ခဲ့ပါသည်။

 

 စာပေလောကကိုလည်း စေတနာရှိ၊ ထုတ်ဝေသူလောကတွင်လည်း နာမည်ကောင်းရှိခဲ့သူမို့လည်း ပခုက္ကူ ဦးအုံးဖေ၏ တစ်သက်တာစာပေဆုကို ထိုက်တန်စွာ ရခဲ့ပါပြီ။ ရန်သူမရှိ မိတ်ဆွေရှိ၊ မုန်းသူမရှိ ချစ်သူသာရှိခဲ့သော ကဗျာဆရာကြီး ဒဂုန်တာရာစကားနှင့် ညီညွတ်သူကား တမလွန်ဘဝသို့ ကူးပြောင်းသွား ချေပြီတကား (ကာတွန်း ဆရာ ဘဝ အားရပါးရ လေ့ကျင့်ကွင်းပေးသည့်ကျေးဇူးကိုမမေ့ပါ) ကောင်းရာ သုဂတိလားနိုင်ပါစေ။