၁၅ မေ


ဂျပန်နိုင်ငံ၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးနှင့်တိုက်ဆိုင်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇွန်လနှောင်းပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၌ သမ္မတ မွန်ဂျယ်အင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။


အိမ်ဖြူတော်က အဆိုပါ အစီအစဉ်ကို ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ခြင်းဖြစ်သည်။
ထရန့်နှင့် မွန်းတို့သည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလျော့ချရေး အောင်မြင်စေရန် အနီးကပ်ညှိနှိုင်းမည်ဖြစ်သည်။ ၎င်းတို့က အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဖွဲ့မှု ခိုင်မာစေရန် နည်းလမ်းများဖြင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်သည်။


အဆိုပါ ခရီးစဉ်မှာ တောင်ကိုရီးယားသို့ သမ္မတ ထရန့် ဒုတိယအကြိမ်သွားရောက်သည့်ခရီးစဉ်ဖြစ်ပြီး ၎င်း၏ ပထမဆုံးခရီးစဉ်မှာ ၂၀၁၇ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်သည်။


ကုလသမဂ္ဂ၏ ပိတ်ပင်တားမြစ်မှုကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံသည် ဒုံးကျည်စမ်းသပ်မှုများကို ယခု လအစောပိုင်းတွင် ပြုလုပ်ခဲ့သည်။ ဒေသအတွင်း မဟာမိတ်များနှင့် မဟာမိတ်ပြုမှုကို အတည်ပြုခြင်းအားဖြင့် ဖိအားပေးရန် ထရန့်က ကြိုးစားနေကြောင်း လေ့လာသူများက ဆိုသည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

1