အင်းတော် ၁၇ မေ
အင်းတော်မြို့နယ် ပြည်သူ့ဝန်ဆောင်မှု(OSS) ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) အစီအစဉ်ဖြင့် အင်းတော်မြို့နယ် နမီးကျေးရွာအုပ်စု ခေါင်တုံးစီရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း အောက်ထပ်၌ ယမန်နေ့မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁၅ နာရီထိ အသိပညာပေးဟောပြောခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်းက ပြည်သူ့ဝန်ဆောင်မှုရုံးဖွင့်လှစ်ရခြင်း အကြောင်း၊ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများအကြောင်း၊ (oss) ရုံး၏ ရည်ရွယ်ချက်များနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာများဖြစ်ကြသော လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းတို့က တာဝန်ရှိသူများက မိမိတို့ဌာန အသီးသီးမှ ဝန်ဆောင်မှုပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာများအလိုက် ပညာပေးလက်ကမ်းကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကာ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုမင်း(အင်းတော်)