ဗန်းမော်  ၁၇  မေ   

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ဗန်းမော်ခရိုင်ရုံးခွဲမှ စီစဉ်ကျင်းပသော မသန်စွမ်းသူများ၏ စွမ်းရည်ပြဂီတဖျော်ဖြေပွဲကို မေ ၁၆ ရက် ည ၇ နာရီမှ ၁၁ နာရီအထိ ဗန်းမော်မြို့ သိမ်မဟာစေတီတော်ဘုရားဝင်းအတွင်း၌ ကျင်းပခဲ့သည်။

 

မသန်စွမ်းသူများ၏ စွမ်းရည်ပြဂီတဖျော်ဖြေပွဲတွင် အလှူရှင်များက မသန်စွမ်းသူများအတွက် ဝှီးချဲ၊ ဂျိုင်းထောက်၊ လက်ထောက်စသည့် အထောက်အကူပြုကိရိယာပစ္စည်းများကို ပေးအပ်လှူဒါန်းကြပြီး မသန်စွမ်းသူများ၏ စွမ်းရည်ပြဂီတဖျော်ဖြေပွဲကျင်းပနိုင်ရေးအတွက်ပံ့ပိုး ကူညီလှူဒါန်းပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ဗန်းမော်ခရိုင်ရုံးခွဲဥက္ကဋ္ဌ အရှင်သြသဓက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ယင်းနောက် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ဗန်းမော်ခရိုင်ရုံးခွဲမှ မသန်စွမ်းသူအဖွဲ့က စွမ်းရည်ပြဂီတဖျော်ဖြေတင်ဆက်ခြင်း၊ ဦးမင်းသွင်နှင့်အဖွဲ့သားများတို့က “မေတ္တာတံခါးတစ်ချပ်ဖွင့်ထားပေးပါ” ပြဇာတ်တိုဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ မန်ကျည်းကုန်းကျေးရွာအုပ်စု ကြာကန်ကျေးရွာမှ လာရောက်ကူညီဖျော်ဖြေပေးသော ကိုယ်အင်္ဂါမသန်စွမ်းသူ (လက်နှစ်ဖက်မပါသူ) ကိုအောင်နိုင်(၂၅)နှစ်က သရုပ်ဖော် တေးသီချင်းနှင့် တစ်နေ့တာလှုပ်ရှားမှုပုံရိပ်များကို ပရိုဂျက်တာဖြင့် ပြသပေးခဲ့သည်။ 

 

အဆိုပါမသန်စွမ်းသူများ၏ စွမ်းရည်ပြဂီတဖျော်ဖြေပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဗန်းမော်မြို့ပေါ်ရပ်ကွက်မှ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကာ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ဗန်းမော်ခရိုင်ရုံးခွဲဥက္ကဋ္ဌ အရှင်သြသဓက မသန်စွမ်းသူများအား ခွဲခြားဆက်ဆံမှုများ မပြုလုပ်ကြဘဲ အားလုံးပါဝင်လက်တွဲဆောင်ရွက်ကြစေကြောင်း ရည်ရွယ်ချက်ဖြင့် ဖျော်ဖြေတင်ဆက်ရခြင်း ဖြစ်ကြောင်း မြွက်ကြားခဲ့သည်။

 

သျှမ်းကလေး(ဗန်းမော်)