မေ ၁၇
အမေရိကန်အစိုးရဘက်က ကုန်သွယ်ရေးစစ်ပွဲကို စတင်ခဲ့ကြောင်း ပြောကြားရင်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများ အရှိန်မြင့်မားလာမှုမှာ အမေရိကန်ဘက်က တာဝန်ရှိကြောင်း တရုတ်နိုင်ငံဘက်မှ အပြစ်တင်ရှုတ်ချလိုက်သည်။
အမေရိကန်သည် ကုန်သွယ်ရေးစစ်ပွဲကို တစ်ဖက်သတ် လုပ်လာခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် ကန်ရှောင်းက သတင်းထောက်များအား ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ရိုးရိုးသားသားနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အမေရိကန်ဘက်က အပြန်အလှန်နားလည်မှုနှင့် ဆန့်ကျင်သည့် လုပ်ဆောင်ချက်ဖြစ်သည့် အခွန်တိုးမြင့်ကောက်ခံရန် ပြင်ဆင်ထားကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။
လွတ်လပ်သောကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ပြီး ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေနိုင်သည့် ကုန်သွယ်ရေးစစ်ပွဲ၏ ဆိုးရွားသည့် စံနမူနာအား မည်သူက စတင်ခဲ့သည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက သိရှိထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
အမေရိကန်အနေနှင့် လက်ရှိအခြေအနေကို သိရှိနားလည်ပြီး ပုံမှန်လမ်းကြောင်းပေါ်ပြန်လာရန်နှင့် လိုက်လျောမှုတွေ လုပ်ဖို့ တရုတ်က မျှော်လင့်လျက်ရှိကြောင်း မစ္စတာကန်က ပြောကြားခဲ့သည်။
အမေရိကန်အစိုးရက တရုတ်ကုန်ပစ္စည်းအားလုံးနီးပါးအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် လုပ်ထုံးလုပ်နည်းများ စတင်လုပ်ဆောင်နေသည့်အချိန်မှာပင် ၄င်းက ယခုလို မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုလ စောစောပိုင်းတွင် အသီးအပွင့်မဖြစ်ထွန်းသည့် နှစ်နိုင်ငံဝန်ကြီးအဆင့် ကုန်သွယ်ရေးဆွေးနွေးပွဲ အပြီး အမေရိကန်က တရုတ်အစိုးရအပေါ် ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ကြိုးပမ်းချက်များနှင့် ပတ်သက်ပြီး အပြစ်တင်ဝေဖန်မှုများကို တရုတ်မီဒီယာများက အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်