ဇင်းကျိုက် ၁၇ မေ

ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဖိုရပ်ကွက်ရှိ သောက်သုံးရေကန်တွင် ရေနစ်သေဆုံးနေသော အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ ဇင်းကျိုက်ရဲကင်းစခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်တာဝန်ရှိသူများက  အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးရာ  ဆားဖိုရပ်ကွက်အမှတ် (၄) နယ်မြေ၊ သုခချမ်းသာလမ်းဘေးရှိ  အလျားပေ ၁၀ဝ၊ အနံပေ ၇၀ ခန့်နှင့် ရေအနက် ၇ ပေခန့်ရှိ ရပ်ကွက်သောက်သုံးရေကန် အလယ်တွင် အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ မှောက်ခုံ အနေအထားဖြင့် ရေနစ်သေဆုံးနေသည်ကို တွေ့ရှိရသည်။

အလောင်းအား ရေကန်အတွင်းမှ သယ်ယူစစ်ဆေး၍  နေရပ်လိပ်စာအား စုံစမ်းရာ သေဆုံးသူမှာ အခင်းဖြစ်ပွားရာ ရေကန်အနီးတွင်နေထိုင်သော ချစ်ထွေး၊ ၂၆ နှစ်၊ သုခချမ်းသာလမ်း၊ အမှတ် (၄) နယ်မြေ၊  ဆားဖိုစုရပ်ကွက်၊ ဇင်းကျိုက်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရပြီး ရုပ်အလောင်းအား  ပေါင်မြို့ပြည်သူ့ဆေးရုံးသို့တင်ပို့ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

နေခြည် (ဇင်းကျိုက်)